Connect with us

Politics

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ပိုမိုတွန်းအားပေးရေးနှင့်စပ်လျဉ်း၍ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် တက်တက်ကြွကြွ သဘောတူညီကြ

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/ဟေမာန်

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲအား ဇန်နဝါရီ ၁၉ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ပိုမိုတွန်းအားပေးရေးနှင့်စပ်လျဉ်း၍ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် တက်တက်ကြွကြွ သဘောတူညီကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ယနေ့ ထုတ်ပြန်ခဲ့သည်။

အစည်းအဝေး၌ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ချစ်ကြည်ရင်းနှီးမှု၊ ရိုးသားပွင့်လင်းမှု၊ အပြုသဘောဆောင်မှုတို့ကို အခြေခံ၍ ကျင်းပခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးဦးသုံးဖက်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် တိုးတက်မှုအခြေအနေများကို ပြန်လည်သုံးသပ်ကြပြီး ယခုအကြိမ်အစည်းအဝေးသည် အရေးကြီးပြီး အချိန်မီကြောင်း ၊ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်စဉ်က သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်သည့် အရေးပါသော နောက်ဆက်တွဲလုပ်ဆောင်ချက် ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆိုင်ရာ နိုင်ငံရေးသဘောတူညီချက်များ ခိုင်မာစေရန် အထောက်အကူဖြစ်စေပြီး ဦးစွာစမ်းသပ်ဆောင်ရွက်မှုအား တွန်းအားပေး၍ ကနဦးအကျိုးရလဒ်များ ဖြစ်ထွန်းစေကြောင်း၊ ရေရှည်မှာ ပြန်လည်လက်ခံရေးအတွက် တက်ကြွသောအခြေအနေများ ဖန်တီးပေးကြောင်း တညီတညွတ်တည်း မှတ်ယူကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဦးနှစ်ဖက်သည် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား တွန်းအားပေးရန်အတွက် တရုတ်နိုင်ငံမှ အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ခြင်းအပေါ် တက်တက်ကြွကြွ အသိအမှတ်ပြုကြပြီး ဆက်လက်၍ Bilateral နှင့် Multilateral လမ်းကြောင်းဖြင့် ချိတ်ဆက်ညှိနှိုင်းဆွေးနွေးမှုများ တိုးမြှင့်၍ သွက်လက်တက်ကြွမှုကို ပြသပြီး မတူကွဲပြားမှုများကို ပပျောက်စေကာ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား အမြန်ဆုံးဖြေရှင်းနိုင်ရန် အတူတကွကြိုးပမ်းကြမည်ဟု ပြောကြားကြကြောင်း ၊ တရုတ်နိုင်ငံက ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အပေါ် အားပေးထောက်ခံကြောင်း ထပ်လောင်းပြောကြားပြီး ဆက်လက်၍ တက်တက်ကြွကြွ ကြားဝင်ညှိနှိုင်းပေး၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေးမှုများ မြှင့်တင်ခြင်းကို ထောက်ခံအားပေးကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်အတွက် တက်တက်ကြွကြွ တွန်းအားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့ကြကြောင်း သိရသည်။

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးဦးသုံးဖက်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဆင့် ဆွေးနွေးတိုင်ပင်ချိတ်ဆက်ခြင်းကို ဆက်လက်ဆောင်ရွက်ပြီး သုံးပွင့်ဆိုင် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်၍ သွက်လက်တက်ကြွစွာဖြင့် ပူးပေါင်းလုပ်ငန်းအဖွဲ့ တတိယအကြိမ်အစည်းအဝေး ဆောလျင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြပြီး ပထမအသုတ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကို အမြန်ဆုံးစတင်ရန် သဘောတူညီကြကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

သုံးဦးသုံးဖက်သည် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း စသည့်လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ်အရေး နိုင်ငံတကာအရေးဖြစ်လာခြင်း၊ နိုင်ငံရေးဖြစ်လာခြင်းကို ကန့်ကွက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် အကျိုးဖြစ်ထွန်းစေသည့်အခြေအနေများ ထောက်ပံ့ပေးရန်၊ ကောင်းမွန်သည့်အနေအထား ဖန်တီးပေးရန် တိုက်တွန်းကြောင်း သုံးဦးသုံးဖက်က ပြောကြားခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲအား တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Luo Zhaohui က ဦးဆောင်ကျင်းပခဲ့ပြီး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် Mr. Masud Bin Momen တို့ တက်ရောက်ကြကြောင်း သိရသည်။ (Xinhua)