Connect with us

Politics

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလှူငွေ ပေးအပ်

တရုတ်သံအမတ်ကြီး Mr. Chen Hai က NRPC အတွင်းရေးမှူးထံသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလှူငွေပေးအပ်စဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ ယနေ့ (ဇန်နဝါရီ ၂၈ ရက်)တွင် အလှူငွေ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အလှူငွေပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai မှ NRPC အတွင်းရေးမှူး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်ထံသို့ အလှူငွေ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ယခုအကြိမ်သည် တရုတ်နိုင်ငံမှ ငါးကြိမ်မြောက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး ၎င်းအနက် အမေရိကန်ဒေါ်လာ ၄ သိန်းကို NRPC ထံ လှူဒါန်းပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တောက်လျှောက်ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ၏ဆန္ဒနှင့်အညီ အပြုသဘောဆောင်သောအကူအညီများ ပေးအပ်ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှစ်သစ်အချိန်အခါ၌ မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်စဉ်က မြန်မာနိုင်ငံမှ “ပင်လုံစိတ်ဓာတ်” ကို ဆက်လက် လက်ကိုင်စွဲ၍ ပြည်တွင်းအမျိုးသားပြန်လည်သင့်မြတ်ရေးကို တွန်းအားပေးဖော်ဆောင်နေသည့်အပေါ် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလှူငွေ ပေးအပ်မည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းအပေါ် ပြတ်ပြတ်သားသား ထောက်ခံအားပေးခြင်းကို အပြည့်အဝဖော်ပြနေကြောင်း သံအမတ်ကြီး Mr. Chen Hai က ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အပြန်အလှန်ဖေးမကူညီသော အေးအတူပူအမျှအသိုက်အဝန်း စိတ်ဓာတ်ကို ထင်ဟပ်နေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အားဖြည့်ပေး၍ မြန်မာပြည်သူများအား ပဋိပက္ခ၏အမှောင်ရိပ်အောက်မှ အမြန်ဆုံးလွတ်မြောက်စေပြီး ငြိမ်းချမ်းရေးအလင်းရောင် လွှမ်းခြုံစေကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်ဝပြောရေးဆီသို့ လှမ်းချီနိုင်ရန် အကူအညီပေးလိုကြောင်း သံအမတ်ကြီးက ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် တောက်လျှောက် ပြတ်ပြတ်သားသား ထောက်ခံအားပေးခဲ့ကြောင်း၊ ယခုအကြိမ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေကြေး ထပ်မံလှူဒါန်းခြင်းသည် နှစ်နိုင်ငံ၏ နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အပြည့်အဝ ထင်ဟပ်နေကြောင်း၊ ယင်းအတွက် မြန်မာနိုင်ငံမှ လေးလေးနက်နက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုကို ကောင်းမွန်စွာ အသုံးချ၍ နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ဆက်လက် တွန်းအားပေးဖော်ဆောင်မည် ဖြစ်ကြောင်း NRPC အတွင်းရေးမှူး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ပြောကြားခဲ့သည်။ (Xinhua)