Connect with us

Social

သမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်က တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေမည်ဟု တရုတ်သံအမတ်ကြီးပြော

တရုတ်နိုင်ငံ ယူနန်ပြည်နယ် Ruili မြို့ရှိ သခွားမသီး အရောင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားတစ်ဦးအား ၂၀၁၉ ခုနှစ်မတ် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်သည် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်(ညီရင်းအစ်ကို)ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်(Chen Hai) က ဆိုသည်။

ဇန်နဝါရီ ၁၇ ရက် မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်မည့် သမ္မတရှီ၏ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သည် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အလွန်အရေးပါကြောင်း ဆင်ဟွာသတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် သံအမတ်ကြီးချန်းဟိုင်က ပြောကြားခဲ့သည်။နှစ်နိုင်ငံသည် အမြင့်ဆုံးအဆင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ၊ စီးပွားရေးအရ နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မှု ၊ ဒေသတွင်း နှင့် နိုင်ငံတကာအရေးကိစ္စရပ်များတွင် နီးကပ်စွာ ညှိနှိုင်းဆွေးနွေးမှု နှင့် ပြည်သူအချင်းချင်းကြား ခိုင်မာသော အပြန်အလှန်ဖလှယ်မှု တို့ကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် Ruili မြို့ရှိ ရင်ကျင့်မူလတန်းကျောင်းတွင် ကျောင်းတက်နေကြသည့် တရုတ်မြန်မာနှစ်နိုင်ငံမှ ကလေးငယ်များအတူတကွ ဆော့ကစားနေသည်ကို ၂၀၁၉ ခုနှစ် မတ် ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့်လွန်ခဲ့သော နှစ်ပေါင်း ၇၀ မှ စတင်ကာ နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းများ အဖြစ် တည်ရှိခဲ့ပြီး နှစ်ဖက်ဆက်ဆံရေးသည် အပြန်အလှန်လေးစားမှု ၊ ယုံကြည်မှု နှင့် ကူညီထောက်ပံ့မှု တို့ဖြင့် အမြဲမပြတ် ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း ၊ သဟဇာတ အတူယှဉ်တွဲနေထိုင်ရေး စံနမူနာတစ်ခုကို တည်ဆောက်ခဲ့ကြောင်း နှင့် အရွယ်အစား မတူညီသော နှစ်နိုင်ငံအကြား win-win ပူးပေါင်းဆောင်ရွက်မှု ဆောင်ရွက်ခဲ့ကြောင်း ချန်းက ဆိုသည်။

ရပ်ဝန်း နှင့် ပိုးလမ်းမ ပူးတွဲတည်ဆောက်ရေး နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ရေးတို့ အပေါ် နှစ်နိုင်ငံခေါင်းဆောင်များအကြား သဘောတူညီချက်များ ရရှိခဲ့ပြီးဖြစ်ကြောင်း ချန်းက ပြောကြားခဲ့သည်။မြန်မာနိုင်ငံအစိုးရ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရာ ယင်းမှာ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင်ပါဝင်ရန် မြန်မာနိုင်ငံ၏ ခိုင်မာသည့်ဆုံးဖြတ်ချက်အား ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း ချန်းက ဆိုသည်။နှစ်ဖက်စလုံး၏ အတူတကွ ကြိုးပမ်း အားထုတ်မှုနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(BRI) နှင့် တရုတ်-မြန်မာစီးပွားစင်္ကြံသည် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း နှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရလဒ်များကို ယူဆောင်ပေးလာမည်ဖြစ်ကြောင်း ချန်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် Ruili မြို့ရှိ ရင်ကျင့်မူလတန်းကျောင်းတွင် ကျောင်းတက်နေကြသည့် မြန်မာနိုင်ငံမှ ကလေးငယ်များ ကျောင်းလွှတ်အိမ်ပြန်ချိန်မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

နှစ်ဖက်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးတက်နေခြင်းနှင့်အတူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသလို ယခုနှစ်ပိုင်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေအတွက် အရေးပါသော အရင်းအမြစ်အဖြစ် တည်ရှိလျက် ရှိသည်။၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း တရုတ် နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၁၃.၅၄ ဘီလီယံရှိခဲ့ရာ ယခင်နှစ်ကထက် ၁၇.၉ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။ တရုတ်စီးပွားရေး လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံခဲ့ကြောင်းနှင့် အမေရိကန်ဒေါ်လာ ၄.၇၇ ဘီလီယံ တန်ဖိုးရှိသော စီမံကိန်းသစ် စာချုပ်များလက်မှတ်ရေးထိုးခဲ့ရာ ယခင်တစ်နှစ်ကထက် ၂၃၈.၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ 

ထို့ပြင် တရုတ်နိုင်ငံသည်  တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူအချင်းချင်း အကြား အပြန်အလှန်ဖလှယ်မှုများကို အထူးအလေးထား ထောက်ခံအားပေးခဲ့ကြောင်း ချန်းက ပြောသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ကမာ္ဘလှည့်ခရီးသွား အရင်းအမြစ်နိုင်ငံဖြစ်လာကြောင်း နှင့် နှစ်နိုင်ငံအကြား အပတ်စဉ် တိုက်ရိုက် လေကြောင်းခရီးစဉ်ပေါင်း ၁၅၀ ကျော်အထိ ရှိနေကြောင်း ၊ ယင်းမှာ လွန်ခဲ့သော သုံးနှစ်ကထက် ခုနှစ်ဆ ပိုမိုမြင့်တက်ခဲ့ကြောင်း ချန်းက ဆိုသည်။ 

မြန်မာနိုင်ငံတွင် “ခန်းဆောင်နီအိပ်မက်” ဇာတ်ကားအပါအဝင် တရုတ် ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲများကို လူကြိုက်များလာခဲ့ပြီး နှစ်နိုင်ငံ ပြည်သူများအနေဖြင့် အပြန်အလှန် ကူးလူဆက်ဆံမှုများကိုလည်း ထိန်းသိမ်းလျက်ရှိသည်ဟု ချန်းက မှတ်ချက်ပြုပြောခဲ့သည်။တရုတ်နိုင်ငံက လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာပြည်သူများ၏ လူနေမှုဘဝ တိုးတက်စေရန် စီမံကိန်းများကိုလည်း တည်ဆောက်ပေးခဲ့သည်ဟု ချန်းက ဆိုသည်။

ပန်ဒါကျောပိုးအိတ် လှူဒါန်းခြင်းနှင့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း (CFPA) မြန်မာရုံး၏ လေးနှစ်မြောက် အခမ်းအနား၌ ပန်ဒါကျောပိုးအိတ်များကိုင်ဆောင်ထားသော ကျောင်းသားများအား ၂၀၁၉ ခုနှစ်ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အဓိက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း ၂၃ ကျောင်း တည်ဆောက်ပေးခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံနှင့် ၂၀၁၉ ခုနှစ်တွင် နတ်မောက် ပြည်သူ့ဆေးရုံတို့ကို ပြင်ဆင်မှုများ အသီးသီး ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် လွန်ခဲ့သည့်သုံးနှစ်ကျော်ကာလအတွင်း “အလင်းရောင်ခရီးစဉ်” အစီအစဉ်ဖြင့် တရုတ်နိုင်ငံမှ ဆရာဝန်များသည် မြန်မာနိုင်ငံအတွင်းရှိ မျက်စိအတွင်းတိမ်ဝေဒနာရှင်ပေါင်း ၆,၀၀၀ ကျော်ကို အခမဲ့ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့သည်။

အဆိုပါ အစီအစဉ်ကို တရုတ်နိုင်ငံ ယူနန် လူမှုရေး အဖွဲ့အစည်း နိုင်ငံတကာကူးလူးဆက်ဆံမှု ချစ်ကြည်ရေးဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံမှ သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံနှင့် ဝိသာခါဖောင်ဒေးရှင်းတို့က ပူးတွဲပြုလုပ်ခြင်း ဖြစ်သည်။တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းမှ ကျောင်းသားများကို ကြိုဆိုလျက်ရှိရာ အထူးသဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ မြန်မာနိုင်ငံ အပါအဝင် အခြားသောနိုင်ငံများနှင့် ဒေသများမှ ကျောင်းသားများအား လက်ခံကြိုဆိုခဲ့သည်။

တရုတ်နိုင်ငံ အကူအညီဖြင့် အသင့်ဆောက်နေအိမ်များ တင်ဆောင်လာသည့် ကွန်တိန်နာများကို ရန်ကုန် သီလဝါဆိပ်ကမ်းတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်က လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ အစိုးရ၏ ပညာသင်ဆုများလျှောက်ထားခဲ့သည့် မြန်မာနိုင်ငံမှ ကျောင်းသား ၇၀၀ ဦးကို ပညာသင်ဆုပေးအပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်က ရရှိခဲ့သော ကျောင်းသားဦးရေ ၆၀၀ ထက် ပိုမိုများပြားခဲ့ကြောင်း ချန်းက ဆိုသည်။တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တစ်နိုင်ငံချင်းစီ၏ ဘုံအကျိုးစီးပွားများနှင့် အဓိကသက်ဆိုင်သော ကိစ္စများတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်လက် ပံ့ပိုးပေးသွားရန်၊ ကုလသမဂ္ဂ၊ တရုတ်-အာဆီယံနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရား အပါအဝင် နိုင်ငံစုံပါဝင်မှု မူဘောင်ကို ဆက်လက်အားကောင်းလာစေရေး ဆောင်ရွက်ရန်နှင့် ဒေသတွင်းနှင့် အခြားဒေသများ၌ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးတွဲကာကွယ်ရန်နှင့် မြှင့်တင်ရန်တို့တွင် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချန်းက ပြောခဲ့သည်။

မကြာမီပြုလုပ်မည့် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တွေ့ဆုံမှုနှင့်ပတ်သက်၍ ချန်းက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သမ္မတ ရှီ၏ ခရီးစဉ်ကို နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်ရန် အခွင့်အလမ်းတစ်ခုအဖြစ် လုပ်ဆောင်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများမြှင့်တင်သွားရန်နှင့် အဓိက စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ တိုးတက်ရန် ကြိုးပမ်းအားထုတ်သွားကြမည် ဖြစ်ကြောင်းနှင့် သမ္မတ ရှီ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ချန်းက ဖြည့်စွက်ပြောကြားခဲ့သည်။ထို့ပြင် နှစ်သစ်တွင် စတင်သော သမ္မတ ရှီ၏ ခရီးစဉ်သည် အောင်မြင်မှုများကို ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ ဆက်ဆံရေးသမိုင်းတွင် သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ချန်းက ပြောကြားခဲ့သည်။(Xinhua)