Connect with us

NPC

တရုတ်နိုင်ငံ ဥပဒေပြုကိုယ်စားလှယ်များက ပြည်ပနိုင်ငံများဆိုင်ရာ ကင်းလွတ်ခွင့်ဥပဒေ ပြဌာန်းရန် အဆိုပြု 

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက် အစည်းအဝေးကို တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မဟာပြည်သူ့ခန်းမ၌ မေ ၂၂ ရက်က ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ COVID-19 တုံ့ပြန်ရေးလုပ်ဆောင်ချက်များအပေါ် ထိခိုက်ပျက်ပြားစေရန် မမှန်မကန် တရားစွဲမှုများ လုပ်ဆောင်ခြင်းခံခဲ့ရပြီးနောက် တရုတ်နိုင်ငံဥပဒေပြုကိုယ်စားလှယ်များက ပြည်ပနိုင်ငံများဆိုင်ရာ ကင်းလွတ်ခွင့် ဥပဒေတစ်ရပ်ကို ပြဌာန်းသွားရန် အဆိုပြုခဲ့ကြသည်။

ယင်းဥပဒေသည် တရုတ်နိုင်ငံသားများအတွက် ဥပဒေဆိုင်ရာ အခွင့်အရေးများ နှင့် အကျိုးစီးပွားများကိုကာကွယ်ပေးနိုင်မည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုပါ အကာအကွယ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) ကိုယ်စားလှယ် နှင့် ပေကျင်းလူမှုသိပ္ပံအကယ်ဒမီမှ ဥပဒေပညာရှင်တစ်ဦးဖြစ်သူ Ma Yide က ဆိုသည်။

ယင်းသည် တရုတ်နိုင်ငံ၏ COVID-19 တုံ့ပြန်ရေးလုပ်ဆောင်ချက်အပေါ် ထိခိုက်ပျက်ပြားစေရန် မမှန်မကန် တရားစွဲမှုများလုပ်ဆောင်ခဲ့ကြသည့် အမေရိကန်ကဲ့သို့သော နိုင်ငံများကို ဦးတည်၍ လက်တုံ့ပြန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း NPC နှစ်ပတ်လည်အစည်းအဝေး နှင့်ဆက်စပ်ပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Ma က သတင်းထောက်များအားပြောကြားခဲ့သည်။

အမေရိကန်ဦးဆောင်သည့် အချို့နိုင်ငံများက လတ်တလော ကပ်ရောဂါနှင့်ပတ်သက်၍ အလွန်အကြီးကိစ္စရပ်တစ်ခုအဖြစ် ပြည့်စုံလုံလောက်မှုမရှိသော ဥပဒေတစ်ရပ် ထုတ်ပြန်ကာ COVID-19 တုံ့ပြန်ရေးတွင် ၎င်းတို့အစိုးရကိုယ်တိုင် အရည်အချင်းမပြည့်မှီခြင်းကြောင့် ပြစ်တင်ဝေဖန်ခံနေရမှုကို အခြားတစ်ဖက်သို့ တွန်းပို့ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

အချို့နိုင်ငံများရှိ အုပ်စုအချို့နှင့် လူပုဂ္ဂိုလ်အချို့က အမေရိကန်နိုင်ငံ၏ ပြည်ပနိုင်ငံများဆိုင်ရာ အချုပ်အခြာအာဏာ ကင်းလွတ်ခွင့်များ ဥပဒေဖြင့် တရုတ်နိုင်ငံအစိုးရ နှင့် ဆက်စပ်ဌာနများအား တရားစွဲဆိုစေရန် လှုံ့ဆော်မှုလုပ်ခဲ့ကြသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ ဒါဟာ အချုပ်အခြာအာဏာကင်းလွတ်ခွင့်ဆိုင်ရာ နိုင်ငံတကာ အသိအမှတ်ပြုစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ဖျက်ဆီးနေတာပဲ ၊ ပြီးတော့ ဗိုလ်ကျစိုးမိုးရေး နဲ့ နိုင်ငံရေးပါဝါ ကစားနေတယ်ဆိုတာ ဖော်ပြနေခြင်းလည်းဖြစ်ပါတယ်” ဟု Ma က ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများဆိုင်ရာ ကင်းလွတ်ခွင့် ဥပဒေ မဖြစ်မနေလိုအပ်ကြောင်း နှင့် ချက်ချင်း ပြဌာန်းရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရအနေဖြင့် နိုင်ငံခြားတိုင်းပြည်ရှိ တရားရုံးများတွင် ကြိမ်ဖန်များစွာ တရားစွဲဆိုခံနေရစဉ်အတွင်း တရုတ်နိုင်ငံပြည်တွင်း တရားရုံးများမှနေ၍ နိုင်ငံခြားအစိုးရများအား ပြန်လည် တရားစွဲဆို၍ မရနိုင်ခြင်းမှာ တရုတ်နိုင်ငံသည် အလုံးစုံ ပြည်ပနိုင်ငံများဆိုင်ရာ ကင်းလွတ်ခွင့် နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှု စည်းမျဉ်းစည်းကမ်းအား လိုက်နာသောကြောင့်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Ma က အမေရိကန် ၊ ကနေဒါ ၊ အင်္ဂလန် နှင့် ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံများတွင် အများဆုံးတွေ့မြင်ရသည့် ကန့်သတ်ချက် ကင်းလွတ်ခွင့်စည်းမျဉ်းစည်းကမ်းတစ်ခုကဲ့သို့ တရုတ်နိုင်ငံ၌ ပြဌာန်းရန်  အကြံပြုခဲ့သည်။

ရေရှည်အကျိုးစီးပွားအတွက် ကန့်သတ်ချက် ကင်းလွတ်ခွင့် စည်းမျဉ်းစည်းကမ်းတစ်ခုကို ပြဌာန်းလိုက်ခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ့သူများအပေါ် တရုတ်နိုင်ငံအစိုးရ၏ တာဝန်ယူမှုရှိပုံကို ဖော်ပြရာ ရောက်ကြောင်း ၊ ယင်းတို့၏ ရင်းနှီးမြှုပ်နှံ့မှုကို ကာကွယ်ပေးရန်အတွက် တည်ငြိမ်မှု မျှော်လင့်ချက်ကို သေချာခိုင်မာစေမည်ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ၏ အသစ်တစ်ဖန် တံခါးဖွင့်မှု နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမဖော်ဆောင်မှုကို ထောက်ပံ့ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) ကိုယ်စားလှယ် ၃၅ ဦးကျော်က အဆိုပြုချက်အား ထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းဥပဒေကို ညီလာခံက လက်ခံလိုက်ပြီးဖြစ်ကြောင်း နှင့် ယင်းအားလေ့လာသုံးသပ်ရန် အမျိုးသား ဥပဒေပြုရေး အထူးကော်မတီသို့ ဆက်လက်ပေးပို့ခဲ့ကြောင်း သိရသည်။(Xinhua)