Connect with us

Africa & Middle East

ဆင်ဟွာနှင့် တန်ဇန်းနီးယား သတင်းအချက်အလက်ဝန်ဆောင်မှုများ ဌာနတို့အကြား မီဒီယာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ဆင်ဟွာ သတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန် (ဝဲမှ တတိယမြောက်) နှင့် တန်ဇန်းနီးယားနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှု၊ အနုပညာနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးစဉ် (ဆင်ဟွာ)

DAR ES SALAAM ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဆင်ဟွာသတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန်နှင့် တန်ဇန်းနီးယားနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှု၊ အနုပညာနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Harrison Mwakyembe တို့သည် ဇူလိုင်လ ၂၁ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် ၎င်းတို့နှစ်ဦး၏ရှေ့မှောက်တွင် ဆင်ဟွာနှင့် တန်ဇန်းနီးယား သတင်းအချက်အလက်ဝန်ဆောင်မှုဌာနအကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ ဟဲက ဆင်ဟွာအနေဖြင့် တန်ဇန်းနီးယားမီဒီယာနှင့် ပူးပေါင်းဆောင်ရွက်မှုအား ကြီးမားအရေးပါမှုအဖြစ် မှတ်ယူပါကြောင်း၊ တန်ဇန်းနီးယားမီဒီယာနှင့်အတူ လုပ်ကိုင်ခြင်းဖြင့် တရုတ်-တန်ဇန်းနီးယား ချစ်ကြည်ရေး နက်ရှိုင်းလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်များ တိုးမြင့်လာစေရန် ဆင်ဟွာကမျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

တန်ဇန်းနီးယားနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှု၊ အနုပညာနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Harrison Mwakyembe ကလည်း တရုတ်နိုင်ငံက တန်ဇန်းနီးယားနိုင်ငံ၏ စစ်မှန်၍ ကောင်းမွန်သော မိတ်ဆွေအဖြစ် အမြဲတစေရှိခဲ့ပါကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် အောင်မြင်မှုများစွာ ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ မီဒီယာကဏ္ဍတွင်လည်း တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဟဲသည် တန်ဇန်းနီးယားနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှု၊ အနုပညာနှင့် အားကစားဝန်ကြီးဌာ၏ ဖိတ်ကြားချက်ဖြင့် တန်ဇန်းနီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း ဟဲသည် တန်ဇန်းနီးယား နေ့စဉ်သတင်းစာတိုက်သို့ သွားရောက်လည်ပတ်ခဲ့ပြီး သတင်းအချက်အလက် ဝန်ဆောင်မှု၏ Zanzibar ဌာနနှင့် နောက်ထပ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)