Connect with us

Africa & Middle East

ဆိုမာလီယာတွင် တိုက်ခိုက်မှု နှစ်ခုကြောင့် သေဆုံးသူ အနည်းဆုံး ၈ ဦးရှိ

မိုဂါဒစ်ရှူး၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံတွင် သြဂုတ် ၅ ရက် က တိုက်ခိုက်မှု ၂ ခု ဖြစ်ပွားခဲ့ရာ သေဆုံးသူ အနည်းဆုံး ၈ ဦး ရှိပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီယာရဲတပ်ဖွဲ့ သတင်းများ အရ သိရသည်။

ပထမ တိုက်ခိုက်မှုမှာ မိုဂါဒစ်ရှူးမြို့ အနောက်ဘက် ကီလိုမီတာ ၃၀ ခန့် ရှိ Afgoyeတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်သူတစ်ဦးက ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်လာသည့်ကားကို မောင်းနှင် လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များရှိသည့် စစ်ဆေးဂိတ်ကို တစ်ဟုန်တိုးထိုးဝင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံရဲအရာရှိတစ်ဦးက ဖုန်းဖြင့် ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ဖောက်ခွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၄ ဦးရှိပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ၊ တိုက်ခိုက်သူ၏ အခြေအနေကိုမူ အတိအကျမသိရသေးကြောင်း သိရသည်။

ဒုတိယ တိုက်ခိုက်မှုမှာ မိုဂါဒစ်ရှူးမြို့ရှိ ဟိုတယ်တစ်ခုအနီးတွင် ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်သူသည် ညပိုင်းတွင် ကားပေါ်မှ ဟိုတယ်အနီးသို့ ဖောက်ခွဲရေးပစ္စည်း ပစ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်သူအပါအဝင် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဆိုသည်။

ဆိုမာလီယာအယ်လ်ရှာဘတ်(al-Shabaab) များက ပထမတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ် ကြောင်း ကြေညာခဲ့သော်လည်း ဒုတိယ တိုက်ခိုက်မှုကိုမူ မည်သည့်အဖွဲ့အစည်းက မှ ကြေညာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်းဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)