Connect with us

Africa & Middle East

နိုင်ဂျီးရီးယားမြောက်ပိုင်း၌ သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် လူ ၂၁ ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့ပြော

နိုင်ဂျီးရီးယားနိုင်ငံ၌ လှုပ်ရှားနေသော လက်နက်ကိုင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အဘူဂျာ ၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံရဲတပ်ဖွဲ့က နိုင်ငံမြောက်ပိုင်း Kaduna ပြည်နယ်တွင် အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၁ ဦးသေဆုံးကြောင်း ဧပြီ ၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Yakubu Sabo က Kajuru ဒေသရှိ Ungwan Aku နှင့် Banono လူမှုအသိုက်အဝန်း နှစ်ခုကို သေနတ်သမားများက ဧပြီ ၈ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းသမားများအားပြောကြားခဲ့သည်။

Sabo က အလောင်း ၂၁ လောင်းကို ရှာဖွေ တွေ့ရှိထားကြောင်း နှင့် အခြား လူ သုံးဦး သေနတ်ထိမှန်ထားကာ လူနေအိမ် ၁ဝ လုံးမှာ သေနတ်သမားများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

လူမှုအသိုက်အဝန်းများတွင် ဝမ်းနည်းဖွယ် အခြေအနေများကြုံတွေ့နေရလင့်ကစား သူခိုးများသည် နွား အကောင် ၅ဝ ကိုလည်း တိုက်ခိုက်မှုဖြစ်နေစဉ်အတွင်း ခိုးယူသွားခဲ့ကြောင်း သိရသည်။

နိုင်ငံအစွန်အဖျားရှိ လူမှုအသိုက်အဝန်းများဆီသို့ သေနတ်သမားများသည် မော်တော်ဆိုင်ကယ်များဖြင့်လာရောက်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ခုကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Kaduna ဒေသသည် နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး နိုင်ငံအတွင်း ပဋိပက္ခများဖြစ်ပွားနေသည့် ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်းအစိုးရ၏ စာရင်းများထဲတွင် ဖော်ပြထားသည်။ ယင်းဒေသတွင် ပြီးခဲ့သောနှစ်ကတည်းက ပဋိပက္ခများ တိုးပွားလာခဲ့ကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် Kajuru ဒေသအတွင်းရှိ လူနေရပ်ကွက် ၈ ခုတွင် လူပေါင်း ၁၃ဝ ကျော် သေဆုံးခဲ့ရသည်။(Xinhua)