Connect with us

Africa & Middle East

ယီမင် စီးပွားရေးက ပျက်သုဉ်းခါနီးပြီဟု ယီမင်ဝန်ကြီးချုပ်က ဆို

ယီမင်တွင် စစ်ဖြစ်ပွားမှုကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခြင်းကြောင့် ဘဏ္ဍာရေးအရင်းအမြစ် အကြီးအကျယ်ဆုံးရှုံးမှုများ ဖြစ်ပွားနေရာ စီးပွားရေးမှာ ပျက်သုဉ်းခါနီးပြီဖြစ်ကြောင်း ၊ ငွေကြေးတန်ဖိုး များလည်း ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း ယီမင် ဝန်ကြီးချုပ် Ahmed Obeid bin Daghr က အောက်တိုဘာ ၂ ရက်တွင် ကြေညာခဲ့သည်။

Ahmed Obeid bin Daghr နှင့် အစိုးရအရာရှိ တစ်ချို့သည် ဆော်ဒီအာရေးဗီးယားနိုင်ငံ မြို့တော် ရီယာဒ့်တွင် အောက်တိုဘာ ၂ ရက်က အစိုးရအထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း Saba သတင်းအေဂျင်စီ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ ယီမင်၏ စီးပွားရေး အခြေအနေမှာ ပျက်သုဉ်းခါနီးပြီဖြစ်ကြောင်း ၊ ထိုသို့ဖြစ်ရသည့် အဓိက အကြောင်းအရင်းမှာ ဟူသီ လက်နက်ကိုင်များ၏ထကြွပုန်ကန်ခြင်း၊ နိုင်ငံဘဏ္ဍာအရင်းအမြစ် ၈၅ ရာခိုင်နှုန်း ဆုံးရှုံးနေခြင်း၊ ရေနံ ၊သဘာ၀ ဓာတ်ငွေ့ တင်ပို့မှုများ ရပ်တန့်ထားလုနီးပါးဖြစ်နေခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်ထောက်ပံ့မှု များ ကျဆင်းခြင်း တို့ကြောင့် ဖြစ်ကြောင်း ဝန်ကြီးချုပ် Ahmed Obeid bin Daghrက ပြောကြားခဲ့ သည်။

ထို့အပြင် ၎င်းက ဆော်ဒီအာရေးဗီးယားမှ ယီမင် ဗဟိုဘဏ်သို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ လွှဲပြောင်းပေးသည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်း နှင့် ဆော်ဒီစသည့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံများက ဦးဆောင်၍ စီးပွားရေးဆိုင်ရာ ဖိုရမ်တစ်ခု ကျင်းပကာ လက်ရှိပြဿနာများကို အမြန်ဆုံး ဖြေရှင်း ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယီမင်၏ စီးပွားရေးနှင့် ငွေကြေးကို တည်ငြိမ်အောင် ထိန်းထားနိုင်ရန် ကူညီသည့်အနေဖြင့် ယီမင်ဗဟိုဘဏ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ လွှဲပြောင်းပေးရန် ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် ဆယ်လ်မန် ဘစ် အဗ္ဗဒူလာဇစ် အယ် ဆော့ဒါ (Salman bin Abdulaziz AL Saud)က အောက်တိုဘာလ ၂ ရက်နေ့တွင် အမိန့်ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုမတိုင်မီက ဆော်ဒီအနေဖြင့် ယီမင် ဗဟိုဘဏ်ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကူညီထောက်ပံ့ထားကြောင်း သိရသည်။

ယီမင်ငွေ Riyals ငွေလဲနှုန်းမှာ လွန်ခဲ့သော သုံးနှစ်က အမေရိကန် ၁ဒေါ်လာလျှင် ၂၁၅ Riyals ရှိရာမှ ယခုအခါ တွင် ၈၀၀ Riyals ရှိသွားပြီဖြစ်ကြောင်း ၊ ဆော်ဒီ၏ ကူညီထောက်ပံ့ဖြင့် စီးပွားရေးတည်ငြိမ်အောင် ထိန်းထားခြင်း မှာလည်း လွန်စွာ အကန့်အသတ်ရှိကြောင်း ယီမင်ဘဏ်ဝန်ထမ်းတစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင်ဟူသီလက်နက်ကိုင်များက မြို့တော် ဆာနားကို သိမ်းပိုက် ခဲ့ပြီးနောက် ယီမင်တောင်ပိုင်းဒေသများကို ထိန်းချုပ်နိုင်ခဲ့ရာ ယီမင်သမ္မတ Hadiမှာ ဆော်ဒီအာရေဗျ နိုင်ငံသို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီအာရေဗျဦးဆောင်သော အာရပ်နိုင်ငံအချို့က ဟူသီလက်နက်ကိုင်များကို ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် ခဲ့သည်။

ဟူသီလက်နက်ကိုင်များနှင့် ဆော်ဒီထောက်ခံအားပေးသည့် ယီမင်အစိုးရတပ်အကြား ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားပြီးနောက် ယီမင်၏ စီးပွါးရေးမှာ ပျက်သုဉ်းလုနီးပါးဖြစ်ရာ Riyals ငွေတန်ဖိုး များစွာ ကျဆင်းသွားပြီး ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုအခြေအနေ ဆိုးဆိုးဝါးဝါး ယိုယွင်းလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.