Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့အစည်းများ ဂျီနီဗာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိ

လစ်ဗျားနိုင်ငံ၊ တောင်ပိုင်း ထရီပိုလီမြို့ စစ်စခန်းတစ်ခုတွင် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသော လစ်ဗျား အစိုးရအဖွဲ့ တိုက်ခိုက်ရေးသမားများက ပေါက်ကွဲစေတတ်သောပစ္စည်း အကြွင်းအကျန်များကို ရွှေ့ပြောင်းနေစဉ် (ဓာတ်ပုံ- Hamza Turkia/Xinhua)

ဂျီနီဗာ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ 5+5 ပူးတွဲစစ်ကော်မရှင် (JMC) ဆွေးနွေးပွဲမှ လစ်ဗျား ကိုယ်စားလှယ်နှစ်ဖွဲ့သည် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် “ချက်ချင်းအသက်ဝင်မည့် နိုင်ငံတစ်ဝန်း အပြည့်အဝ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်” ကို ဂျီနီဗာမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ကုလသမဂ္ဂ သံတမန်က ကြေညာခဲ့သည်။

“ဒီကနေ့ဟာ လစ်ဗျားပြည်သူတွေအတွက် ကောင်းမွန်တဲ့နေ့လေးတစ်နေ့ပါပဲ” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ခေတ္တအထူးကိုယ်စားလှယ်နှင့် လစ်ဗျားနိုင်ငံရှိ ကုလသမဂ္ဂ ထောက်ပံ့ရေးမစ်ရှင် (UNSMIL) အကြီးအကဲ Stephanie Williams က အောက်တိုဘာ ၂၃ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဒီသဘောတူညီချက်ကို ဖြစ်မြောက်အောင် ကုလသမဂ္ဂက ပံ့ပိုးပေးခဲ့တာပါ။ ကျွန်မတို့က လက်မှတ်ရေးထိုးခဲ့တယ်။ သက်သေအဖြစ်နဲ့ပေါ့” ဟု ၎င်းက ပြောခဲ့သည်။ အပစ်အခတ်ရပ်စဲရေးသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် စစ်မက်ပြုမှုရပ်ကာ အမှန်တကယ်တိုက်ပွဲဖြစ်သော COVID-19 နှိမ်နင်းခြင်းကို အလေးပေးကြရန် တိုက်တွန်းမှုကို တုံ့ပြန်ခြင်းလည်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဖွဲ့အစည်းများအနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်မှု စောင့်ကြည့်ရေး လုပ်ထုံးလုပ်နည်းတစ်ရပ် တည်ထောင်ရန် သဘောတူခဲ့ကြောင်းနှင့် လစ်ဗျားနိုင်ငံ နယ်နိမိတ်တစ်ခုလုံးရှိ လက်နက်ကိုင် အုပ်စုများနှင့် အဖွဲ့အစည်းများအားလုံးကို ဖော်ထုတ်၍ အမျိုးအစားခွဲခြားရေး ချက်ချင်းစတင်ရန် သဘောတူညီခဲ့ကြကြောင်း ကုလသမဂ္ဂ သံတမန်က ဆိုသည်။

“ဒီသဘောတူညီချက်က လစ်ဗျားနိုင်ငံ ပိုက်နက်၊ ကုန်း၊ လေနှင့် ပင်လယ်မှ ကြေးစားစစ်သားများနှင့် ပြည်ပတိုက်ခိုက်ရေးသမားများအားလုံးအနေဖြင့် ယနေ့မှစ၍ အများဆုံးသုံးလအတွင်း ထွက်ခွာရေးလည်း ပါဝင်ပါတယ်” ဟု အဆိုပါ ကုလ သံတမန်က ပြောခဲ့သည်။
ထို့ပြင် အသစ်ဖွဲ့စည်းထားသော အစိုးရက တာဝန်များမယူမီတိုင်အောင် ချက်ချင်းအကျိုးသက်ရောက်မှုအဖြစ် လစ်ဗျားနိုင်ငံအတွင်း စစ်ရေးလေ့ကျင့်မှု သဘောတူညီချက်များကို ဆိုင်းငံ့ထားရမည်ဖြစ်ပြီး လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံမှထွက်ခွာရမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီသောအဖွဲ့များအနေဖြင့် ယခုသီတင်းပတ်အစောပိုင်းက သဘောတူခဲ့သော လစ်ဗျားနိုင်ငံတစ်ဝန်း ကုန်းနှင့် ရေလမ်းကြောင်းများ အပြည့်အဝဖွင့်လှစ်ရေးဆိုင်ရာ ယုံကြည်မှုတည်ဆောက်ရေး ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြသည်ဟု Williams က ဆိုသည်။

5+5 JMC ဆွေးနွေးမှုများ နောက်ဆုံးအကြိမ်ကို ဂျီနီဗာမြို့တွင် အောက်တိုဘာ ၁၉ ရက်က စတင်ပြုလုပ်ခဲ့ပြီး လစ်ဗျားအမျိုးသား ညီညွတ်ရေးအစိုးရ (GNA) မှ ခန့်အပ်ထားသော အဆင့်မြင့် အရာရှိ ငါးဦးနှင့် လစ်ဗျား အမျိုးသားတပ်မတော် (LNA) မှ ခန့်အပ်ထားသော အဆင့်မြင့်အရာရှိ ငါးဦး တို့ ပါဝင်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.