Connect with us

Africa & Middle East

မိုဇမ်ဘစ်နိုင်ငံက အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုတစ်ခုတွင် အကြမ်းဖက်သမား ၁၀၈ ဦးအား ပစ်ခတ်ရှင်းလင်း

မိုဇမ်ဘစ်နိုင်ငံဝန်ကြီးချုပ် Do Rosário အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မင်တို ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

မိုဇမ်ဘစ်နိုင်ငံကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့က လတ်တလောရက်ပိုင်းအတွင်း နိုင်ငံမြောက်ပိုင်း Cabo Delgado ပြည်နယ်တွင် အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုတစ်ခု ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက်သမား ၁၀၈ ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

မိုဇမ်ဘစ်နိုင်ငံ ရဲတပ်ဖွဲ့ဦးစီးချုပ် က အောက်တိုဘာ ၂၉ ရက်၌ လွန်ခဲ့သည့် ၃ ရက်အတွင်း ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ သည်Cabo Delgado ပြည်နယ်ရှိ နေရာအများအပြားတွင် အကြမ်းဖက်တိုက်ဖျက်ရေး လှုပ်ရှားမှုဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်သမား ၁၀၈ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ၊ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည့် အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှု၌ အကြမ်းဖက်သမား ၁၉ ဦးကိုပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်အများအပြားကို သိမ်းဆည်းရမိကြောင်း ပြောကြားခဲ့သည်။

မိုဇမ်ဘစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး Amade Miquidade က အောက်တိုဘာ ၂၉ ရက်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့အနေဖြင့် လွန်ခဲ့သည့် ၃ ရက်အတွင်း အကြမ်းဖက်သမားတို့၏ စခန်းအချို့ကို တိုက်ခိုက်မှုဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်သမားများစွာကို ရှင်းလင်းနိုင်ခဲ့ကာ အကြမ်းဖက်သမားခေါင်းဆောင်တစ်ဦးကိုလည်း ရှင်းလင်းနိုင်ခဲ့ကြောင်း ၊ လက်ရှိအချိန်တွင် အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှု ကို ဆက်လက်ဆောင်ရွက်နေကြောင်းပြောကြားခဲ့သည်။

မိုဇမ်ဘစ်နိုင်ငံဝန်ကြီးချုပ် Do Rosário က လတ်တလောရက်ပိုင်းအတွင်း လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံမြောက်ပိုင်းဒေသရှိ အကြမ်းဖက်လှုပ်ရှားမှုများက ပြည်သူပေါင်း ၄ သိန်းကျော် နေရပ်ကိုစွန့်ခွာစေခဲ့ရကြောင်း ၊ အစိုးရအနေဖြင့် ယင်းပြည်သူလူထုများအား နေရာချထားပေးမည်ဖြစ်ပြီး ၎င်းတို့ပုံမှန်နေထိုင်နိုင်ရန်ကူညီပေးမည်ဖြစ်ကြောင်း ၊ အစိုးရအနေဖြင့်လည်း တစ်ချိန်တည်းတွင် အကြမ်းဖက်သမားများအား တိုက်ဖျက်နိုင်မှုစွမ်းရည်ကိုမြှင့်တင်သွားမည် ဖြစ်ပြီး နိုင်ငံတကာတွင် အကြမ်းဖက်တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Cabo Delgado ပြည်နယ်သည် မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်၍ လက်နက်ကိုင်များက ယင်းပြည်နယ်ရှိ ကျေးရွာများတွင် လုယက်ခြင်း နှင့် အကြောင်းမဲ့သတ်ဖြတ်ခြင်းများကိုဆောင်ရွက်ခဲ့ကာ လက်ရှိချိန်ထိ လူပေါင်းထောင်နှင့်ချီ၍ သေဆုံးခဲ့ရကြောင်း ၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှစတင်၍ မိုဇမ်ဘစ်နိုင်ငံရဲတပ်ဖွဲ့ က ယင်းတိုက်ခိုက်မှုများကို အကြမ်းဖက်လှုပ်ရှားမှုအဖြစ် သတ်မှတ်ခဲ့ပြီး ဒေသတွင်း သတင်းမီဒီယာများ ၏ ဖော်ပြချက်အရ ယင်းလက်နက်ကိုင်များက ISIS နှင့်ပတ်သက်ဆက်နွယ်မှုရှိကြောင်း သိရှိရသည်။  (Xinhua)