Connect with us

Africa & Middle East

အခြေအနေပိုပြီးတင်းမာလာအောင်၊စစ်မက်ဖြစ်ပွားအောင် အီရန်က လုပ်ဆောင်ခြင်းမဟုတ် ဟု ဆို 

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif)အား တွေ့ရစဉ် (ဓါတ်ပုံ- အင်တာနက်)

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

အီရန်က အခြေအနေပိုတင်းမာလာအောင် ၊ စစ်မက်ဖြစ်ပွားအောင် လုပ်ဆောင်နေခြင်း မဟုတ်သော်လည်း ကျူးကျော်မှုမှန်သမျှကို ကာကွယ်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif)က  ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်တပ်များအခြေစိုက်ရာ အီရတ်စစ်ခြေစိုက်စခန်းကို ဒုံးကျည်ဖြင့်တိုက်ခိုက်ခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာချုပ်မူဘောင်အတွင်းက မိမိကိုယ်ကိုကာကွယ်ခြင်းဖြစ်ပြီး ပစ်မှတ်သည် အီရန် ပြည်သူအများနှင့်အဆင့်မြင့်အရာရှိများကို လက်နက်ဖြင့်တိုက်ခိုက်သည့် အမေရိကန်တပ်၏ အခြေစိုက်စခန်းဖြစ်ကြောင်း၊ အီရန်က တင်းမာမှုကို အရှိန်မြင့်အောင်၊ စစ်မက်ဖြစ်ပွားအောင်လုပ်ဆောင်ခြင်းမဟုတ်သော်လည်း မည်သည့်ကျူးကျော်မှုကို မဆို ကာကွယ်သွားမည်ဟု  မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က ဇန်နဝါရီ ၈ ရက်တွင် လူမှုကွန်ရက်၌ ရေးသား ဖော်ပြခဲ့သည်။

အီရန် သတင်းမီဒီယာများ၏ သတင်းများအရ အီရန် စစ်ရေးထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆိုလီမန်နီသေဆုံးမှုကို လက်တုန့်ပြန်သည့်အနေဖြင့် ဇန်နဝါရီ ၈ ရက်နံနက်ပိုင်းတွင် အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)သည်  အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို ဒုံးကျည်ဒါဇင်နှင့်ချီပစ်လွှတ်ခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် အတည်ပြု ခဲ့ပြီး ယင်းအပေါ် အမေရိကန်အနေဖြင့် မည်သို့ ကိုင်တွယ်မည်ကို ချိန်ဆနေ ကြောင်း ၊ အချင်းဖြစ်ပွားသည့်နေ့ နေ့လည်ပိုင်းတွင် သမ္မတ ထရမ့်က“အခုထိကတော့ အားလုံးအဆင်ပြေသေးတယ်”ဟု ဆိုကာ  ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၃ ရက်က အီရန် ဗိုလ်ချုပ်ကြီး ဆိုလီမန်နီသည် အီရတ်နိုင်ငံ ဘဂ္ဂဒက် နိုင်ငံတကာ လေဆိပ် ပြင်ပတွင် အမေရိကန်လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးသိပ်မကြာမီမှာပင် အီရန် ထိပ်တန်း ခေါင်းဆောင် အလီ ခါမေနီက လက်တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။  (Xinhua)