Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း တွင် ဖြစ်ပွား ခဲ့သည့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး ၁၄ ဦး သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု တစ်ခု ကြောင့် ဒဏ်ရာရရှိသူများအား ဆေးရုံ သို့ ပို့ဆောင်နေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် တွင် ဇူလိုင်လ ၁၉ ရက် ၌ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ တိုက်ခိုက်မှုကြောင့် အမျိုးသမီး နှင့် ကလေးငယ် အနည်းဆုံး ၁၄ ဦး သေဆုံး ခဲ့ကြောင်း ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က ပြောကြား ခဲ့သည်။

Kunduz ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ က Kunduz ပြည်နယ် အတွင်းရှိ အရပ်သား အဆောက်အဦ တစ်ခု အား လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဖြစ်ခဲ့သဖြင့် သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ရခြင်းဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် အစိုးရ အနေဖြင့် အခင်း ဖြစ်ပွား ရာနေရာ သို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ စေလွှတ် ခဲ့ကြောင်း ပြောကြား ခဲ့သည်။ သို့သော် ပြောရေး ဆိုခွင့်ရှိသူ က လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု အား အမေရိကန် နိုင်ငံ စစ်တပ် မှ ဆောင်ရွက်ခဲ့ခြင်း ဟုတ်မဟုတ် နှင့် ပတ်သက်၍ ပြန်လည် ဖြေကြား ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

အခင်း ဖြစ်ပွား ပြီးနောက် တွင် တာလီဘန် အဖွဲ့အစည်း က ယင်း ဗုံးကြဲတိုက်ခိုက်မှု မှာ အမေရိကန် တပ်ဖွဲ့ မှ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ကို ထုတ်ပြန်ကြေညာ ခဲ့သည်။သို့သော် ဇူလိုင်လ ၂၀ ရက် အချိန်ထိ အာဖဂန်နစ္စတန် နိုင်ငံ အခြေစိုက် အမေရိကန် နိုင်ငံ တပ်ဖွဲ့ က တာလီဘန် ၏ ထုတ်ပြန်ချက် နှင့် ပတ်သက်၍ မည်သည့် တုန့်ပြန်မှု မှ မဆောင်ရွက်သေးကြောင်း သိရှိရသည်။

အာဖဂန်နစ္စတန် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေး အဖွဲ့ ၏ ဇူလိုင်လ ၁၅ ရက် ၌ ထုတ်ပြန် ကြေညာချက်အရ ယခုနှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ အာဖဂန်နစ္စတန် နိုင်ငံ အတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် အရပ်သား စုစုပေါင်း ၅,၁၂၂ ဦး သေဆုံးဒဏ်ရာရရှိခဲ့ကြကြောင်း သိရှိရသည်။(Xinhua)