Connect with us

Africa & Middle East

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အာရပ်စော်ဘွားများပြည်ထောင်စု ခရီးစဉ်အဖြစ် အဘူဒါဘီမြို့ သို့ ရောက်ရှိလာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဒုတိယ သမ္မတ နှင့် ဝန်ကြီးချုပ် Sheikh Mohammed bin Rashid Al Maktoum (ယာ) တို့အား ဇူလိုင် ၁၉ရက်က အဘူဒါဘီမြို့၌တွေ့ရစဉ် (ဆင်ဟွာ)

အဘူဒါဘီ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ဇူလိုင် ၁၉ ရက်တွင် နိုင်ငံတော်ခရီးစဉ်အဖြစ်ရောက်ရှိလာပြီး ၂၉နှစ်တာကာလအတွင်း တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

UAE နိုင်ငံ လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသော သမ္မတရှီ၏ လေယာဉ်အား UAE တိုက်ဂျက်လေယာဉ်များ က ဝန်းရံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရှီ နှင့် ဇနီးဖြစ်သူ ဖန်လိယွမ် တို့အား UAE ဒုတိယ သမ္မတ နှင့် ဝန်ကြီးချုပ် Sheikh Mohammed bin Rashid Al Maktoum၊ အိမ်ရှေ့စံ Abu Dhabi Sheikh Mohammed bin Zayed Al Nahyan တို့က နွေးထွေးစွာကြိုဆိုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအစိုးရ နှင့် တရုတ်နိုင်ငံ ပြည်သူများကိုယ်စား UAE အစိုးရ နှင့် ပြည်သူများထံ စိတ်ရင်းအမှန်ဖြင့် နှုတ်ခွန်းဆက်သပြီး ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားခဲ့သည်။

ရှီက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့သော ၃၄နှစ်တာ ကာလကတည်းက တရုတ်နိုင်ငံ နှင့် UAEနိုင်ငံတို့သည် အပြန်အလှန်လေးစားမှုများထားရှိပြီး တန်းတူဆက်ဆံမှုရှိခဲ့ကြောင်း၊ နှစ်နိုင်ငံ ရင်းနှီးစွာဆက်ဆံမှုကြောင့် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသည့် ပူပေါင်းဆောင်ရွက်မှုအသီးအပွင့်များကို ခံစားတွေ့မြင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက UAE နိုင်ငံသည် ပြည်ပခရီးစဉ်၏ ပထမဆုံး ရပ်နားရာနိုင်ငံတစ်ခုဖြစ်သလို တရုတ်နိုင်ငံ သမ္မတ အဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက် ပထမဆုံးရောက်ရှိလာသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

UAE နိုင်ငံခေါင်းဆောင်များက သမ္မတ ရှီ အနေဖြင့် ယင်းသို့ ပထမဆုံးလာရောက်လည်ပတ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။

UAE ခရီးစဉ်အပြီး ရှီ သည် ဆီနီဂေါနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ နှင့် တောင်အာဖရိက နိုင်ငံများသို့ သွားရောက်ကာ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် ပြုလုပ်မည့် ၁၀ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ပြီး မောရစ်သျှနိုင်ငံ၌ ခရီးတစ်ထောက် ဝင်ရောက်လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)