Connect with us

Africa & Middle East

အီသီယိုးပီးယားနိုင်ငံ၌ နာမည်ကျော် အဆိုတော်သေဆုံးမှုကြောင့် ပဋိပက္ခဖြစ်ပွားရာမှ လူ ၁၆၆ ဦးသေဆုံး

အီသီယိုးပီးယားနိုင်ငံ၌ နာမည်ကျော် အဆိုတော် Hachalu Hundessa သေဆုံးမှုအပေါ် မကျေနပ်၍ လူအုပ်စုများအကြား ပဋိပက္ခဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

အက်ဒစ်အက်ဘာဘာ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ၌ နာမည်ကျော်အဆိုတော်တစ်ဦး သေဆုံးမှုကြောင့် ပဋိပက္ခဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ အိုရွမ်မီယာဒေသ(Oromia) နှင့် မြို့တော် အက်ဒစ်အက်ဘာဘာတွင် လူပေါင်း ၁၆၆ ဦးထိ သေဆုံးခဲ့ရကြောင်း ရဲသတင်းအရင်းအမြစ်များက ယနေ့ ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။

အိုရွမ်မီယာဒေသရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး Girma Gelam က ဇူလိုင် ၄ ရက် ညပိုင်းတွင် သတင်းမီဒီယာများအားပြောကြားရာ၌ အဓိကရုဏ်း ဆန္ဒပြပွဲများကြောင့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးအပါအဝင် လူပေါင်း ၁၅၆ ဦးသေဆုံးခဲ့ရကြောင်း ဆိုသည်။အက်ဒစ်အက်ဘာဘာရဲတပ်ဖွဲ့က ဇွန် ၃၀ ရက်တွင် ပြောကြားရာ၌ မြို့တော်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းမှုများကြောင့် ရဲအရာရှိနှစ်ဦးအပါအဝင် လူ ၁၀ ဦးသေဆုံးခဲ့ရကြောင်း ဆိုသည်။ 

အဆိုတော် Hachalu Hundessa သည် အီသီယိုးပီးယားနိုင်ငံရှိ အိုရွမ်မို မျိုးနွယ်စုဝင်များ၏ အခွင့်အရေးအတွက် အလေးထား ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်က ယခင် ဝန်ကြီးချုပ်ဟောင်း ရာထူးမှ ပြုတ်ကျရန် ဆန္ဒပြလှုပ်ရှားမှုများကို အဓိကဦးဆောင်ခဲ့သည့် နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်သည်။၎င်းသည် ဇွန်လ ၂၉ ရက်က အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

၎င်းသေဆုံးမှုကြောင့် အီသီယိုးပီးယားနိုင်ငံ မြို့တော် အက်ဒစ်အက်ဘာဘာ နှင့် အိုရွမ်မို မျိုးနွယ်စုများနေထိုင်ရာ အိုရွမ်မီယာဒေသတွင် ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါဆန္ဒပြပွဲများ နိုင်ငံအနှံ့ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် အတွက် အာဏာပိုင်များက နိုင်ငံ၏ အချို့နေရာများတွင် အင်တာနက်လိုင်းဖြတ်တောက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။

ပဋိပက္ခများအတွင်း ပါဝင်ပတ်သက်ကြောင်း သံသယ ရှိသူ ၂,၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း နှင့် ဇူလိုင် ၄ ရက်တွင် ဆန္ဒပြပွဲများ နှင့် အဓိကရုဏ်းဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း အစိုးရသတင်းအရင်းအမြစ်များက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.