Africa & Middle East
ကမ္ဘာလုံးဆိုင်ရာ ဆရာ ဆုကို ပါလက်စတိုင်း နိုင်ငံသား ဆရာမ ရရှိ

ရာမာလာ၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ ဆရာ ဆု ၂၀၁၆ (Global Teacher prize 2016) ကို မတ်လ ၁၃ ရက်က ပါလက်စတိုင်း နိုင်ငံသား ကျောင်းဆရာမတစ်ဦးက ရရှိခဲ့ပြီး ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁ သန်း ချီးမြှင့်ခံရကြောင်း သိရ သည်။
ဘီတယ်လ်ဟမ်မြို့အနီးရှိ ဒုက္ခသည် စခန်းတစ်ခုတွင် နေထိုင်ပြီး အကြမ်းဖက်မှု လုပ်ရပ်များအား ဖော်ထုတ် လေ့ရှိသည့် အသက် ၄၃ နှစ်အရွယ် Hanan Al-Hroub သည် ကုန်းတွင်းပိတ် နယ်မြေ အနောက် ဘက်ကမ်းဒေ သရှိ ရာမာလာ (Ramallah) မြို့အနီး၊ Al-Bireh မြို့မှ Samiha Khali အထက်တန်း ကျောင်းတစ်ခု၌ တာဝန် ထမ်းဆောင်နေသူ တစ်ဦး ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ဆရာဆု ၂၀၁၆ ကို Varkey Foundation က ကမ္ဘာတစ်ဝန်းရှိ ကျောင်းဆရာများထဲမှ ရွေးချယ်ကာ ပေးအပ် ချီးမြှင့်ခြင်း ဖြစ်ပြီး နောက်ဆုံး ဆန်ကာတင် ၁၀ ဦးထဲမှ Al-Hroub ကို ရွေးချယ် ချီးမြှင့်လိုက် ခြင်း ဖြစ်ကြောင်း သိရသည်။
ဒူဘိုင်းနိုင်ငံ ကမ္ဘာ့ ပညာရေးနှင့် စွမ်းရည် ညီလာခံ၌ ထိုဆုပေးပွဲ အခမ်းအနား ပြုလုပ်ခြင်း ဖြစ်သည်။“အမျိုးသမီး ဆရာမ တစ်ဦးအနေနဲ့ ဒီနေရာမှာ ရှိနေရတဲ့အတွက် ကျွန်မ ဂုဏ်ယူပါတယ်၊ ဒီဆုကို ဆရာများ အားလုံးနဲ့ ပါလက်စတိုင်းက ဆရာများအတွက် ကျွန်မ လက်ခံခြင်း ဖြစ်ပါတယ်” ဟု Al-Hroub က သတင်း ထောက်များအား ပြောသည်။
Al-Hroub သည် ၎င်း၏ ကလေးများ ကျောင်းမှ အိမ်သို့ အပြန်လမ်း၌ သေနတ်ပစ်ခတ်ခံရမှုကြောင့် နာကျင်စွာ ခံစားခဲ့ရပြီးနောက် မူလတန်းပညာရေးသို့ ဝင်ရောက်လာခဲ့ပြီး အကြမ်းဖက်မှုကြောင့် ကလေးငယ်များ ခံစားရ သည့် စိတ်ဒဏ်ရာများအား အထူး ပံ့ပိုးမှုများ လုပ်ဆောင်ခဲ့သည်။
လူမှု အသိုင်းအဝိုင်းအတွင်း ကျောင်းဆရာများ၏ အရေးပါသော အခန်းကဏ္ဍအား ထင်ဟပ်ပြနိုင်သလို ထူးချွန် စွာ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ထူးခြားသော ဆရာမ တစ်ဦးအဖြစ် Al-Hroub အား Varkey Foundation က ကမ္ဘာလုံးဆိုင်ရာ ဆရာ ဆုအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
Varkey Foundation သည် ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲချို့တဲ့သည့် ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုး တက်ရေးအတွက် လုပ်ဆောင်နေသည့် အကျိုးအမြတ်မယူသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ (Xinhua)