Africa & Middle East
အမေရိကန် စစ်လေယာဉ် တစ်စင်း အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ပိုင်း၌ ပျက်ကျမှု ဖြစ်ပွား

ကဘူးလ် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)
အမေရိကန် စစ်လေယာဉ် တစ်စင်းသည် အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Ghazni ပြည်နယ်၌ ဇန်နဝါရီ ၂၇ ရက်တွင် ပျက်ကျသွားခဲ့ကြောင်း အမေရိကန် စစ်တပ်ထံမှ သိရသည်။
အာဖဂန်နစ္စတန် နိုင်ငံရှိ အမေရိကန် စစ်တပ်မှ ပြောရေးဆိုခွင့် ရှိသူ William Leggett က E-11A အမျိုးအစား အမေရိကန် ဗုံးကြဲလေယာဉ် တစ်စင်းသည် Ghazni ပြည်နယ်၌ ဇန်နဝါရီ ၂၇ ရက်တွင် ပျက်ကျသွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး ပျက်ကျမှု အကြောင်းအရင်းအား စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ပြောကြားခဲ့သည်။
အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ပိုင်း၌ ပျက်ကျသွားခဲ့သည့် လေယာဉ် အပျက်အစီးများအား တွေ့ရစဉ် (ဆင်ဟွာ)
“ရန်သူတွေရဲ့ ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။” ဟု ပြောရေးဆိုခွင့် ရှိသူ William Leggett က တွစ်တာ စာမျက်နှာတွင် တင်ထားသည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။သို့သော် တာလီဘန် ပြောရေးဆိုခွင့် ရှိသူ တစ်ဦး ဖြစ်သည့် Zabiullah Mujahid က စစ်သွေးကြွများသည် အမေရိကန် စစ်တပ်၏ ထောက်လှမ်းရေး လေယာဉ် တစ်စီးကို Ghazni ပြည်နယ်၏ Deh Yak နယ်မြေရှိ Sadokhil ဒေသ၌ ဇန်နဝါရီ ၂၇ ရက် နေ့လည်ပိုင်းတွင် ပစ်ချခဲ့ကြောင်း အစောပိုင်းတွင် အခိုင်အမာ ပြောကြားခဲ့သည်။
Ghazni ပြည်နယ်ရှိ အာဖဂန် အရာရှိများက ဇန်နဝါရီ ၂၇ ရက်တွင် Deh Yak နယ်မြေ၌ လေယာဉ် တစ်စင်း မတော်တဆ ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် အား ပြောကြားနိုင်ခြင်း မရှိဘဲ ယင်းပျက်ကျမှု ဖြစ်စဉ်သည် တာလီဘန်ထိန်းချုပ်ထားသည့် ဒေသတွင် ဖြစ်ပွား ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)