Connect with us

Africa & Middle East

အစ္စရေးနိုင်ငံက ဘက်စုံသုံး-ခရီးဝေးသွားနိုင်သည့် Heron MK II မောင်းသူမဲ့ဒရုန်းသစ် ထုတ်ပြ

အစ္စရေးနိုင်ငံထုတ် ခရီးဝေးသွားနိုင်သည့် Heron MK II မောင်းသူမဲ့ဒရုန်းအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

 

ဂျေရုဆလင် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံက ဘက်စုံသုံး-ခရီးဝေးမောင်းနှင်နိုင်သည့် မောင်းသူမဲ့ဒရုန်းယာဉ်(UAV) သစ်ကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း နိုင်ငံပိုင် အစ္စရေးအာကာသနည်းပညာစက်မှုလုပ်ငန်း(IAI) က ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

“Heron MK II” ဟုအမည်ပေးထားသည့် မောင်းသူမဲ့ဒရုန်း UAV သစ်သည် Heron UAV ၏ နောက်ဆုံးပေါ်အမျိုးအစားမော်ဒယ်တစ်ခုဖြစ်ပြီး အစ္စရေးလေတပ် နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားသော အဖွဲ့အစည်း ၂၀ ကျော်က အသုံးပြုနေကြောင်း သိရသည်။ ခေတ်မီနည်းပညာများကို အသုံးပြုထားသည့် Heron MK II သည် မဟာဗျူဟာမြောက် နှင့် လေကြောင်းဆိုင်ရာ သယ်ယူပို့ဆောင်ရေးအတွက် လွယ်ကူလျင်မြန်အောင် ဖန်တီးထားသော မောင်းသူမဲ့ဒရုန်းဖြစ်သည်။

အစ္စရေးနိုင်ငံထုတ် ခရီးဝေးသွားနိုင်သည့် Heron MK II မောင်းသူမဲ့ဒရုန်းအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

Heron MK II သည် အမြင့် ၃၅,၀၀၀ ပေထိ ပျံသန်းနိုင်စွမ်းရှိကြောင်း ၊ တစ်နာရီ ၂၅၉ ကီလိုမီတာထိ အမြန်ဆုံးမောင်းနှင်နိုင်ကြောင်း နှင့် လေပေါ်တွင် ၄၅ နာရီကြာ တစ်ဆက်တည်း ပျံသန်းနိုင်စွမ်းရှိကြောင်း သိရသည်။နည်းပညာပိုင်းကို အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် UAV မောင်းသူမဲ့ယာဉ်သစ်၏ ကိုယ်ထည်မှာ ပိုမိုကျယ်ပြန့်ခိုင်ခန့်ကြောင်း ၊ အလေးချိန်ထပ်မံတိုးမြှင့်ခြင်း မရှိသည့်အတွက် လျင်မြန်မှု နှင့် ထိန်းသိမ်းမှုအပိုင်းတွင် ပိုမိုလွယ်ကူစေကြောင်း သိရသည်။

Heron MK II တွင် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာအသစ်များ နှင့် အလွန်ဝေးသောနေရာအထိ ထောက်လှမ်းနိုင်စွမ်းရှိသည့် ဆင်ဆာစနစ် နှင့် ရေဒါစနစ်များ တပ်ဆင်ထားသည်။ ထို့ပြင် နယ်စပ်ဖြတ်ကျော်ရန် မလိုဘဲ ကီလိုမီတာပေါင်းများကွာဝေးသော တည်နေရာသို့ လှန်း၍ ထောက်လှမ်းနိုင်ကြောင်း ၊ ထိုသို့လုပ်ဆောင်ရန် ၎င်း၏ ပိုမိုကြီးမားသော ၊ ပိုမိုကောင်းမွန်သော ဆင်ဆာစနစ်များက ကူညီဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။

UAV သစ်တွင် အင်ဂျင်ပိုင်း နှင့် နည်းပညာပိုင်းများကို အဆင့်မြှင့်တင် ထားသည်။၁၉၅၃ ခုနှစ်တွင် စတင်တည်ထောက်ခဲ့သည့် အစ္စရေးအာကာသ နည်းပညာစက်မှုလုပ်ငန်း(IAI)သည် မြေပြင် ၊ ဝေဟင် ၊ ရေပြင် ၊ အာကာသ နှင့် ဆိုက်ဘာ ပိုင်း ဆိုင်ရာများအတွက် တီထွင်စမ်းသစ်မှုလုပ်ကိုင်နေသည့် ကမ္ဘာ့နည်းပညာရှေ့ဆောင်ကုမ္ပဏီကြီး တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)