Africa & Middle East
အာဖဂန်နိုင်ငံ မြို့တော်တွင် အသေခံကားဗုံးဖောက်ခွဲမှုကြောင့် လူ ၅ ဦးသေဆုံး
ကဘူးလ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနောက်ပိုင်းတွင် ဒီဇင်ဘာလ ၁၁ ရက်က အာဖဂန်လုံခြုံရေးတပ်ဖွဲ့၏ ယာဉ်တန်းတစ်ခုအား အသေခံကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဗုံးဖောက်ခွဲသူတစ်ဦး သေဆုံးသွားခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
“ ဗုံးပေါက်ကွဲမှုက ဒေသစံတော်ချိန် နံနက် ၉း၂၀ နာရီက Paghman ခရိုင် Bala Chinar နယ်မြေမှာ ဖြစ်ပွားခဲ့တာပါ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးတွေ့ရှိချက်တွေအပေါ် အခြေခံပြီးတော့ သတင်းအချက်အလက်တွေကို ပေးထားတာပါ။ အသေးစိတ်တွေတော့ ကျွန်တော်တို့မှာ မရှိသေးပါဘူး။ ဒါပေမဲ့ သတင်းအချက်အလက်တွေ ထပ်ရဖို့ ကြိုးစားသွားမှာပါ” ဟု ယင်း အမည်မဖော်လိုသူ အထက်ပါ အရာရှိက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ပေါက်ကွဲမှုကြောင့် အခင်းဖြစ်ပွားရာနေရာ၌ မီးခိုးများထွက်ပေါ်လာခဲ့ကြောင်း၊ အဆိုပါယာဉ်တန်းပေါ်၌ အမျိုးသား လုံခြုံရေးဌာနတပ်သားများ တင်ဆောင်လာခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေ မိုဟာမက် မာရပ်ဖ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ထို တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။ (Xinhua)