Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ ကမ္ဘာလှည့်ခရီးသွားမြို့၌ ဆေးလိပ် မသောက်သုံးရေး လှုပ်ရှားမှုဆောင်ရွက်

ကမ္ဘောဒီးယားနိုင်ငံရှိ အန်းကောဝတ်ဘုရားကျောင်းအား ညနေဆည်းဆာအချိန်တွင်မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Siem Reap ပြည်နယ်ရှိ Siem Reap မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်တစ်ရပ်အနေဖြင့် ဆေးလိပ်မသောက်သုံးရေး လှုပ်ရှားမှု ကို စက်တင်ဘာလ ၆ ရက်ကပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆေးလိပ်မသောက်သုံးရေး လှုပ်ရှားမှု အခမ်းအနားသို့ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Mam Bunheng နှင့် Siem Reap ပြည်နယ် အုပ်ချုပ်ရေးမှူး Khim Bunsong တို့က ပူးတွဲတက်ရောက်ခဲ့ကြကြောင်း နှင့် ကမ္ဘောဒီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန မှ အရာရှိများ ၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ အရာရှိများ ၊ အစိုးရမဟုတ်သော အဖွ ဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ ဟိုတယ် ၊ စားသောက်ဆိုင် နှင့် စူပါမားကက်များ နှင့် ဆေးလိပ်ရောင်းချသူများ တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ ဒီလှုပ်ရှားမှုက ဆေးလိပ်ရဲ့ဆိုးကျိုးတွေကို လူတွေ ပိုသိလာအောင် အသိပေးတာမျိုးပါ။ ပြီးတော့ အများနဲ့သက်ဆိုင်တဲ့နေရာတွေ ၊ လုပ်ငန်းခွင်တွေ စတဲ့နေရာမျိုးမှာ ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်တာတွေ တွန်းအားပေးဆောင်ရွက်ဖို့လည်း ပါဝင်ပါတယ်” ဟု Mam Bunheng က ဆိုသည်။
“ ဒါဟာ ပြည်သူတွေရဲ့ ကျန်းမာရေးကို အကာအကွယ်ပေးဖို့အစိုးရရဲ့လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းဖြစ်သလို ဆေးရွက်ကြီးနဲ့ဆက်စပ်တဲ့ ရောဂါအကြောင်းကို ပြည်သူတွေ ကြိုတင်ကာကွယ်နိုင်အောင် လို့ပါ” ဟု ၎င်း ကဆိုသည်။
ပြည်သူများအနေဖြင့် ဆေးလိပ်သောက်သုံးခြင်းကို လျှော့ချခြင်းဖြင့် လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြရန် ဝန်ကြီးက တိုက်တွန်းထားသည်။
ကမ္ဘောဒီးယားနိုင်ငံ၌ အများပြည်သူနှင့်သက်ဆိုင်သောနေရာ နှင့် လုပ်ငန်းခွင်များတွင် ဆေးလိပ်သောက်သုံးပါက ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၄ ဒေါ်လာ မှ ၁၂.၅ ဒေါ်လာအထိ ပေးဆောင်ရမည့် ထုတ်ပြန်ချက်တစ်ရပ်ကို ၂ဝ၁၆ ခုနှစ် မတ်လ တွင် အစိုးရက အတည်ပြုခဲ့သည်။
ကမ္ဘောဒီးယား လူဦးရေသည် ၁၅ သန်းရှိပြီး ၎င်းတို့အနက် ၇.၅ သန်းမှာအရွယ်ရောက်ပြီးသူများဖြစ်သည်။ ၂ဝ၁၄ ခုနှစ် အမျိုးသားအရွယ်ရောက်ပြီးသူများ ဆေးလိပ်သောက်သုံးသည့် စစ်တမ်းအရ ကမ္ဘောဒီယားနိုင်ငံသား အရွယ်ရောက်ပြီးသူ ၁.၅၅ သန်းသည် ဆေးလိပ်သောက်သုံးနေကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားပြည်သူ ၁ သောင်းကျော်သည် ဆေးလိပ် နှင့်ဆက်စပ်သော ရောဂါဖြင့် နှစ်စဉ်သေဆုံးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.