Connect with us

Asia

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်မှ တရုတ်-ထိုင်း ရထားလမ်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအား သတ်မှတ်ချိန် အတွင်းဆောင်ရွက် နိုင်ရန်ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာရွတ် တို့မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်-ထိုင်း ရထားလမ်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား သို့တက်ရောက်ခဲ့စဉ် (ဆင်ဟွာ)

ဘန်ကောက် ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာရွတ်မှ ဇူလိုင်လ ၂၄ ရက်နေ့က တရုတ်-ထိုင်း ရထားလမ်း ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းသည် သမိုင်းဝင် ဆောင်ရွက်မှု တစ်ခုဖြစ်ပြီး သတ်မှတ်ထားသည့် အောက်တိုဘာလတွင် လုပ်ငန်းအား အချိန်မှီ စတင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ပရာရွတ်မှ ၎င်းအနေဖြင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီးအား ရထားလမ်းနှင့် ပတ်သက်သော ဘတ်ဂျက် အမြန်ဆုံးရရှိရန် အတွက် ဆောင်ရွက်ရန်နှင့် လာမည့်လတွင် စတင်၍ သက်ဆိုင်ရာ ရထားလမ်း စီမံကိန်းအား စတင်လုပ်ဆောင် သွားရန် ပြောကြားခဲ့ကြောင်း ၊ ၎င်းအနေဖြင့် ရထားလမ်းဆောင်ရွက်မှု နှင့်ပတ်သက်သော လုပ်ငန်းဆောင်ရွက်မှု ကို အနီးကပ် စောင့်ကြည့်ခဲ့ပြီး အထူးသဖြင့် ဆောင်ရွက်မှု မပြီးစီး သေးသည့် ရထားလမ်း ဒီဇိုင်းနှင့် ဘတ်ဂျက် အဆိုပြုလွှာ အပေါ် အလေးထား စောင့်ကြည့်နေခဲ့ကြောင်း ၊ ထိုကိစ္စရပ်များသည် သတ်မှတ် ထားသည့် သြဂုတ်လတွင် အပြီးပြတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အစီအစဉ် အရ ၆ ကြိမ်မြောက် တရုတ်-ထိုင်း ရထားလမ်း ပူးပေါင်းဆောင်ရွက်မှု ကော်မတီ အစည်းအဝေးကို သြဂုတ်လ ၆ ရက်နေ့ မှ ၈ ရက်နေ့ အထိ တရုတ် နိုင်ငံ ရှီးအမ်း မြို့တွင် ကျင်းပမည် ဖြစ်သည်။ နောက်အကျဆုံး အနေဖြင့် သြဂုတ်လ ကုန်ပိုင်းတွင် တရုတ် နိုင်ငံနှင့် ထိုင်း နိုင်ငံသည် ရထားလမ်း ပူးပေါင်းဆောင်ရွက်မှု မူဘောင် စာချုပ်ကို လက်မှတ်ရေးထိုး နိုင်မည် ဖြစ်ပြီး စက်တင်ဘာ လဆန်းပိုင်းတွင် ထိုင်းနိုင်ငံ အစိုးရ အဖွဲ့ထံသို့ စိစစ်ရန် တင်ပြနိုင်မည် ဖြစ်သည်။
၅ ကြိမ်မြောက် တရုတ်-ထိုင်း ရထားလမ်း ပူးပေါင်းဆောင်ရွက်မှု ကော်မတီ အစည်းအဝေးကို ထိုင်းနိုင်ငံ အလယ်ပိုင်း Nakhon Ratchasima မြို့တွင် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံမှ ရထားလမ်း တည်ဆောက်မှုပိုင်းဆိုင်ရာ ဆောင်ရွက်နိုင်မှု သုတေသန ၊ ဘတ်ဂျက် မူဘောင် ဆိုင်ရာ ကိစ္စရပ်နှင့် နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်မှု စသည့် အချက်များတွင် သဘောတူညီမှု ရရှိခဲ့သည်။
တရုတ်-ထိုင်း ပူးပေါင်းတည်ဆောက်မည့် ရထားလမ်းသည် အရှည် ၈၆၇ ကီလိုမီတာ ရှိပြီး တစ်နာရီလျှင် အမြန်ဆုံး ၁၆၀ ကီလိုမီတာ မှ ၁၈၀ ကီလိုမီတာ အထိ မောင်းနှင် နိုင်မည် ဖြစ်သည်။ (Xinhua)