Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း နှင့် အလယ်ပိုင်းတို့တွင် ငလျင် နှစ်ကြိမ် လှုပ်ခတ်

ဖိလစ်ပိုင် နိုင်ငံ Pampanga ပြည်နယ်တွင် ယခုနှစ် ဧပြီလ အတွင်း လှုပ်ခတ်သွားခဲ့သည့် ငလျင် တစ်ခုကြောင့် ပျက်စီးမှု များအား တွေ့ ရစဉ်(ဆင်ဟွာ)

မနီလာ ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ အလယ်ပိုင်း နှင့် တောင်ပိုင်းတို့တွင် ယနေ့သြဂုတ် ၃ ရက် အစောပိုင်းတွင် ပြင်းအား ၅.၆ နှင့် ၅ အဆင့်ရှိ ကမ်းလွန်ငလျင် နှစ်ကြိမ် လှုပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင် နှင့် မြေငလျင် ပညာရှင် အဖွဲ့(Phivolcs) ထံမှ သိရသည်။

ပထမ အကြိမ် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၅.၆ အဆင့်ရှိ မြေငလျင်မှာ ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း Davao Occidental ပြည်နယ်၌ ဒေသ စံတော်ချိန် ၁၂ နာရီ ၁၀ မိနစ် အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း Phivolcs က ပြောသည်။Davao Occidental ပြည်နယ်၌ ကမ်းလွန်ငလျင်သည် Jose Abad Santos မြို့၏ အရှေ့မြောက်ဘက် ၄၈ ကီလိုမီတာခန့် အကွာတွင် အနက် ၁၄၃ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဒုတိယ အကြိမ် လှုပ်ခတ်ခဲ့သော ပြင်းအား ၅ အဆင့်ရှိ မြေငလျင်သည် ဖိလစ်ပိုင် နိုင်ငံ အလယ်ပိုင်း Northern Samar ပြည်နယ်တွင ်ဒေသ စံတော်ချိန် ၁ နာရီ ၂၈ မိနစ် အချိန်တွင် Pambujan မြို့၏ အနောက်မြောက်ဘက် ၂၉ ကီလို မီတာခန့်အကွာတွင် အနက် ၂၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေငလျင်များ၏ လှုပ်ခတ်မှုဒဏ်ကို အနီးရှိ ပြည်နယ်များက သိရှိခံစားခဲ့ရပြီး ထိခိုက်သေဆုံးမှု နှင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း Phivolcs ထံမှ သိရသည်။ပြီးခဲ့သည့် အပတ် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ဖိလစ်ပိုင် နိုင်ငံ၏ မြောက်ဘက် Batanes ကျွန်းတွင် မြေငလျင် သုံးကြိမ် ဆက်တိုက် လှုပ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးခဲ့ပြီး အခြား ၆၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ဖိလစ်ပိုင် နိုင်ငံသည် မြေငလျင်ဒဏ် ခံရလေ့ရှိသည့် နိုင်ငံ ဖြစ်ပြီး အများအားဖြင့် သိရှိ ခံစားရမှု မရှိသော ငလျင်ငယ် လှုပ်ခတ်မှုများမှာ နေ့စဉ် ရှိနေကြောင်း သိရသည်။ဖိလစ်ပိုင် နိုင်ငံသည် ပစိဖိတ် ငလျင်ကြော တလျှောက် တည်ရှိပြီး ကျွန်းစု တစ်ခုလုံးကို လှုပ်ရှားမှု ရှိနေသည့် ပြတ်ရွှေ့နှင့် သမုဒ္ဒရာအောက် ချိုင့်ခွက်ကြီးများက ဝန်းရံထားကြောင်း သိရသည်။(Xinhua)