Connect with us

Asia

ဖီဂျီ နိုင်ငံ၌ ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ပွားပြီးနောက် ရုပ်အလောင်း တွေ့ရှိ

ဖီဂျီနိုင်ငံ မြောက်ပိုင်း Vanua Levuကျွန်းအနီးရှိ ပင်လယ်ပြင်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆူဗာ ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

ဖီဂျီနိုင်ငံ မြောက်ပိုင်းတွင် သြဂုတ် ၂ ရက် ညပိုင်းက ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စီး ပျက်ကျမှု ဖြစ်ပွား ပြီးနောက် သြဂုတ် ၃ ရက်တွင် ရုပ်အလောင်း တစ်လောင်း ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖီဂျီ အသံလွှင့်ဌာနက သြဂုတ် ၃ ရက်တွင် ထုတ်လွှင့်မှု အရ ထိုင်ခုံ လေးနေရာ ပါရှိသော အဖြူရောင် Robinson R44 ရဟတ်ယာဉ်သည် ဖီဂျီနိုင်ငံ အရှေ့ပိုင်းရှိ Naitauba ကျွန်းမှ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ပြီး Vanua Levu ကျွန်းမြောက်ပိုင်းရှိ Labasa ဆေးရုံသို့ရဟတ်ယာဉ်ပေါ်တွင် လူသုံးဦး နှင့် အတူ ပြန်လာစဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်သည် Vanua Levu ကျွန်းရှိ Natewa ပင်လယ်အော် အတွင်းသို့ပျက်ကျသွားခဲ့ကြောင်း သိရသည်။

အစီရင်ခံချက် အရ ရဟတ်ယာဉ်ပေါ်ရှိ သုံးဦး အနက် အသက် နှစ်နှစ် အရွယ်ရှိ ကလေးငယ် တစ်ဦး နှင့် ၎င်း၏ မိခင်တို့ပါဝင်ခဲ့ပြီး တွေ့ရှိခဲ့သည့် ရုပ်အလောင်း နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းထားခြင်း မရှိကြောင်း ၊ ရဟတ်ယာဉ်မှ အပျက်အစီး အပိုင်းအစ အချို့အား Natewa ပင်လယ်အော်၏ ကမ်းခြေ တစ်လျှောက်တွင် တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

ဖီဂျီနိုင်ငံ စစ်တပ်မှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ရွာသူရွာသားများသည် ရှာဖွေရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။(Xinhua)