Connect with us

Asia

မလေးရှားတွင် စွန့်ပစ်ဓာတု ညစ်ညမ်းမှုကြောင့် ရပ်နားထားရသည့် စာသင်ကျောင်း ၁၁၁ ကျောင်းအထိ တိုးလာ

စွန့်ပစ်ဓာတု ညစ်ညမ်းမှုကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကျောင်းသားများ ကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ တောင်ပိုင်း Johor ပြည်နယ် Pasir Gudangဒေသတွင် စွန့်ပစ်ဓါတုပစ္စည်းညစ်ညမ်းမှု အခြေအနေ ဆိုးဝါးလာရာ ၎င်းဒေသရှိ စာသင်ကျောင်း ၁၁၁ ကျောင်းကို အချိန်အကန့်အသတ်မဲ့ ရပ်နားလိုက်ပြီဖြစ်ကြောင်း မလေးရှား ပညာရေး ဝန်ကြီး Maszlee Malik က မတ် ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လက်ရှိအခြေအနေနှင့် Johor ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ သတင်းအချက်အလက်များအရ ယခုကဲ့သို့ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း Maszlee Malikက ကြေညာချက်တွင် ဖော်ပြထားသည်။ စာသင်ကျောင်းများ ရပ်နားထားသည့်ကာလအတွင်း သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းသားကျောင်းသူများ ၊ဆရာဆရာမများနှင့် ဝန်ထမ်းများ ကျောင်းသို့လာရောက်ရန် မလိုအပ်ကြောင်း သိရသည်။

ယခုရက်ပိုင်းများတွင် Johor ပြည်နယ် မြစ်ရေစီးကြောင်းတစ်ခုသည် စွန့်ပစ်ဓာတုပစ္စည်းများကြောင့် ညစ်ညမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ မီဒီယာများ၏ သတင်းများအရ သိရသည်။ မတ်လ ၁၂ ရက်တွင် ကျောင်းသားအများအပြားအပါအဝင် ဒေသခံ ၂၀၀ ကျော်သည် ကိုယ်လက်မအီမသာဖြစ်မှုကြောင့် ဆေးကုသမှုခံယူခဲ့ရရာ ဒေသခံအစိုးရက စာသင်ကျောင်းအချို့ကို ရပ်နားရန် ကြေညာခဲ့သည်။ မတ် ၁၃ ရက် အစောပိုင်းက စာသင်ကျောင်း ၃၄ ကျောင်း ရပ်နားမည်ဟု Maszlee Malikက ကြေညာခဲ့သည်။

လက်ရှိတွင် မလေးရှား ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ အနည်းဆုံး ၃ ဦးကို ဖမ်းဆီးထားပြီဖြစ်သည်။ ၎င်းတို့အနက် တရားမဝင် တာယာဟောင်းများပြန်လည်ပြုပြင်ရေးစက်ရုံ၏ တာဝန်ခံတစ်ဦးကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုနှင့် တရားစွဲဆိုတော့မည်ဖြစ်ကြောင်း စွမ်းအင်၊ သိပ္ပံ နည်းပညာ၊ ရာသီဥတုပြောင်းလဲမှုနှင့်သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီး Yeo Bee Yinက မတ် ၁၃ ရက်တွင်ပြောကြားခဲ့သည်။ အချင်းဖြစ်ပွားသည့် မြစ်ရေ၏ ဓာတုပစ္စည်းပါဝင်မှုကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးရာတွင် တာယာအရည်ပျော်စေသည့် ဓာတုပစ္စည်းပါဝင်ကြောင်း Yeo Bee Yinက ဆိုသည်။

Pasir Gudangဒေသတွင် ရေနံ၊ဓာတုစသည့် စက်မှုလုပ်ငန်းကြီးများ စုနေသည်။ ယခုလ ၇ ရက်က လည်း တရားမဝင်ဓာတုပစ္စည်းစွန့်ပစ်မှုကြောင့် လူထောင်ကျော်ကို ရွှေ့ပြောင်းခဲ့ရကြောင်း သိရ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.