Asia
မလေးရှား နိုင်ငံတွင် လုံခြုံရေး အဆင့် အမြင့်ဆုံး သတိပေးထား
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာ၌ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် မလေးရှား နိုင်ငံတွင် လည်း အကြမ်းဖက် ခြိမ်းခြောက်မှုများအား သတိထားရန် နှိုးဆော်ထားပြီး လုံခြုံရေး အဆင့်အား အမြင့်ဆုံး ထားရှိရန် မလေးရှားနိုင်ငံ ရဲချုပ် ခါလစ် အဘူ ဘေကာက ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။
အများပြည်သူ သွားလာမှု များသည့် ဈေးဝယ် စင်တာများနှင့် နိုင်ငံခြား ဧည့်သည်များ ရှိသည့် နေရာများအား လုံခြုံရေး အဆင့် တိုးမြှင့်ထားခြင်းများ အပြင် နယ်စပ် ဒေသများတွင် အကြမ်းဖက်ရာတွင် အသံုံးပြုသည့် ပစ္စည်းများ ဝင်ရောက်နိုင်သည့် အလားအလာများအား ကြိုတင် ကာကွယ်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရဲချုပ် ခါလစ်က သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဇန်နဝါရီလ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် ဂျာကာတာမြို့လယ် တိုက်ခိုက်မှုတွင် သေဆုံးသူ ၇ ဦးနှင့် လူ ၂၀ ဦး ဒဏ်ရာ ရရှိပြီး ထိုအသေခံ ဗုံးခွဲ တိုက်ခိုက်မှုသည် IS တို့နှင့် ဆက်စပ်မှုရှိကြောင်း ဂျာကာတာ ရဲချုပ် တီတို ခါနာဗီယန်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောသည်။
အရှေ့တောင်အာရှ အပါအဝင် အင်ဒိုနီးရှားနိုင်ငံ အနှံ့ IS တို့က အဖွဲ့ခွဲများ တည်ထောင်ခြင်း ဗျူဟာသို့ ပြောင်းလဲ လာခဲ့ကြောင်း နှင့် ၎င်းအဖွဲ့ခွဲများမှာ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများတွင် ရောက်ရှိပြီး ဖြစ်ကြောင်း တီတိုက ပြောသည်။
ရဲချုပ်၏ အဆိုအရ လက်ပစ်ဗုံး ခြောက်လုံးနှင့် ကြီးမားသော ဗုံးတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၇ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ ၂၀ ဦး ရှိခဲ့ကြောင်း သိရသည်။
ထိုသေဆုံးသူများထဲတွင် ကနေဒါ လူမျိုး တစ်ဦး ပါဝင်သလို ဒဏ်ရာ ရသူများထဲတွင် အယ်လ်ဂျီးရီးယား၊ သြစတြေးလျ၊ နယ်သာလန်နှင့် ဂျာမန် နိုင်ငံသား လေးဦး ပါကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
ယင်း မတော်တဆမှု ဖြစ်ပွားရာ အနီးဝန်းကျင်ရှိ စီးပွားရေး လုပ်ငန်းများနှင့် အဆောက်အအုံများမှာ ပုံမှန် အခြေ အနေသို့ ပြန်ရောက်နိုင်ရန်နှင့် နိုင်ငံသားနှင့် နိုင်ငံခြားသားများကိုလည်း ပုံမှန် လုပ်ဆောင်ကြရန် တိုက်တွန်း ထားသည်။ (Xinhua)