Connect with us

Asia

လာအိုနိုင်ငံ အရှေ့တောင်ပိုင်းတွင် ရေအားလျှပ်စစ်ဆည် ပြိုကျမှုကြောင့် လူပေါင်းများစွာသေဆုံး၊ ရာချီ၍ ပျောက်ဆုံးနေ

ဗီယင်ကျန်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ အရှေ့တောင်ပိုင်း Attapeu ပြည်နယ် Sanamxay ခရိုင်ရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်ဆည်တစ်ခုသည် ဇူလိုင်လ ၂၃ ရက်က ပြိုကျခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ဇူလိုင်လ ၂၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Xepian-Xe Nam Noy ရေအားလျှပ်စစ်ဆည်သည် ဇူလိုင်လ ၂၃ ရက် ဒေသစံတော်ချိန် ည ၈း၀၀ နာရီအချိန်က ပြိုကျခဲ့ပြီး ရေထုထည် ၅ ဘီလီယံ ကုဗမီတာ လျှံကျသွားခဲ့ရာ နေအိမ်များစွာ မျောပါသွားကြောင်း၊ လူပေါင်းများစွာ သေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးအကူအညီ ပေးအပ်ရန် Attapeu ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးက ကြေညာခဲ့သည်။ ပါတီ၊ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးအသိုင်းအဝိုင်း၊ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့နှင့် စစ်တပ် တပ်ဖွဲ့ဝင်များ၊ လာအိုနိုင်ငံသားများအား ရေဘေးသင့်သူများအတွက် အရေးပေါ် ကူညီပေးကြရန် Attapeu ပြည်နယ် အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ တည်ဆောက်ဆဲ ဆည်ကို တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ ကုမ္ပဏီများ ပါဝင်သည့် ဖက်စပ်ကုမ္ပဏီဖြစ်သော Xe Pian-Xe Namnoy Power Company (PNPC) က တည်ဆောက်နေခြင်းဖြစ်သည်။ Xe Pian-Xe Namnoy ရေအားလျှပ်စစ်စီမံကိန်းသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းရပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား ခန့်မှန်းခြေ ၁,၈၆၀ ဂစ်ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ထို ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး ဖြစ်နိုင်ခြေလေ့လာမှုမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ပြီးစီးခဲ့သည်။ စီမံကိန်းတည်ဆောက်မှုကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၌ စတင်ခဲ့ပြီး စီးပွားဖြစ်လည်ပတ်မှုကို ၂၀၁၈ ခုနှစ်တွင် စတင်နိုင်မည်ဟု ခန့်မှန်းထားခဲ့သည်။ (Xinhua)