Asia
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ဝမ်းရောဂါဖြစ်ပွား ၊ ၁ဝ ဦးသေဆုံး

မနီလာ ၊ ဖေဖော်ဝါရီ ၂ဝ ရက်(ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ပါလာဝမ်ကျွန်း(Palawan)ပေါ်ရှိ Balabac မြို့၌ ဝမ်းရောဂါ ဖြစ်ပွားလျက်ရှိရာ ၁၁ လသားအရွယ် နို့စို့ကလေးငယ် တစ်ဦးအပါအဝင် လူပေါင်း ၁ဝ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘာလာဘက်မြို့(Balabac)၌ ဝမ်းရောဂါ ကူးစက်ပြန့်နှံ့နေသည်မှာ ၂ လ နီးပါး ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း ၊ ဒေသခံ ၂ဝဝ ခန့်ကူးစက်ခံနေရကြောင်း သိရသည်။
ထိုသို့ဝမ်းရောဂါဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ သောက်သုံးရေ ညစ်ညမ်းမှုကြောင့်ဟု ထုတ်ဖော်ပြောဆိုထားပြီး မိလ္လာစနစ် ကောင်းမွန်မှုမရှိခြင်းကြောင့် မြို့တော် ရေပေးဝေမှုတွင် လူ နှင့် တိရစ္ဆာန်စွန့်ပစ် အညစ်အကြေးမှ E.coli ဘက်တီးရီးယားပိုးများ ပြန့်နှံ့ပြီး ဝမ်းရောဂါဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုထားသည်။
“ ရေရဲ့ အဆင့်အတန်း Coliform အတွက် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီးတဲ့နောက်မှာတော့ ဘာလာဘက်မြို့က ရေအရင်းအမြစ်အားလုံးလိုလိုဟာ သောက်သုံးဖို့မသင့်ဘူး ဖြစ်နေတယ်” ဟု ဒေသတွင်း Palawan သတင်းစာ နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ဒေသဆိုင်ရာကျန်းမာရေးအရာရှိ Mary Ann Navarro က ဆိုသည်။
ပြီးခဲ့သော ၂ဝ၁၇ ခုနှစ် စက်တင်ဘာလက ပါလာဝမ်ကျွန်းပေါ်ရှိ Quezon မြို့တွင်လည်း အလားတူဖြစ်ရပ်မျိုးကြောင့် ဝမ်းရောဂါတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း နှင့် ထိုစဉ်က လူ ၄ ဦးသေဆုံးပြီး ၆ဝဝ ကျော်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။(Xinhua)