Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ရထားတိုက်မှုကြောင့် လူ ၆၁ ဦး သေဆုံး


နယူးဒေလီ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဟိန္ဒူပွဲတော်တစ်ခုအား ရထားလမ်းပေါ်မှ ကြည့်ရှုနေသည့် လူအုပ်အား ရထားဝင်တိုက်မှုဖြစ်ပွားပြီးနောက် လူ ၆၁ ဦးထက်မနည်းသေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ရထားတိုက်မှုသည် ပန်ဂျပ်ပြည်နယ် ဆစ် (Sikh) ဘာသာဝင်တို့၏ ဘာသာရေးမြို့ဖြစ်သော Amritsar မြို့ရှိ Jaura Phatak လမ်းပေါ်တွင် အောက်တိုဘာလ ၁၉ ရက် ဒေသစံတော်ချိန် ည ၆း၄၅ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။“ရထားတိုက်မှုမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် လူ ၆၁ ဦးသေဆုံးခဲ့ပြီးတော့ ဒဏ်ရာရသူ ၇၂ ဦးကို ဆေးရုံပို့ထားခဲ့ရပါတယ်” ဟု Amritsar မြို့ရှိ ဒေသခံအစိုးရတာဝန်ရှိသူ Rajesh Sharma က မီဒီယာသို့ ပြောကြားခဲ့သည်။

Dussehra ဟိန္ဒူပွဲတော်အား ကြည့်ရှုနေသူများနှင့် ရထားတိုက်ခံရ၍ ဆေးရုံသို့ ရောက်ရှိနေသည့် လူနာများအား တွေ့ရစဉ် (ဆင်ဟွာ)

မျက်မြင်သက်သေများနှင့် တာဝန်ရှိသူများ၏ အဆိုအရ ထို လူအုပ်ကြီးသည် Dussehra ဟိန္ဒူပွဲတော်အား ကြည့်ရှုရန် စုဝေးနေခဲ့ကြောင်း၊ ရထားလမ်းပေါ်တွင် မတ်တပ်ရပ်နေသည့် လူအုပ်ကြီးအား ရထားက တိုက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ Dussehra သည် နတ်ဆိုးကို ကောင်းစွာအောင်နိုင်သည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဟိန္ဒူပွဲတော် တစ်ခု ဖြစ်သည်။ အဆိုပါပွဲတော်တွင် ရုပ်တုအား မီးရှို့ခြင်းနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများ ပြုလုပ်ကြသည်။

Dussehra ဟိန္ဒူပွဲတော်အား ကြည့်ရှုနေသူများနှင့် ရထားတိုက်ခံရ၍ ဆေးရုံသို့ ရောက်ရှိနေသည့် လူနာများအား တွေ့ရစဉ် (ဆင်ဟွာ)

“နတ်ဆိုးဘုရင် Ravana ရဲ့ ရုပ်တုရှိတဲ့နေရာက Jaura Phatak လမ်းပေါ်ရှိ ရထားလမ်းနဲ့ အရမ်းနီးပါတယ်။ ပွဲတော်ကို ကြည့်ဖို့ လူအုပ်ကများလာရင်းနဲ့ ရထားလမ်းဘက်ကို ရောက်သွားခဲ့ပြီး အများစုက ရထားလမ်းပေါ်မှာ ရပ်ကြည့်နေကြတာ” ဟု ဒေသခံ Parminder Singh က ဆင်ဟွာသို့ ပြောခဲ့သည်။

“ဗြောက်အိုးတွေကို မီးရှို့လိုက်ပြီး မီးရှူးမီးပန်းတွေ ပစ်ဖောက်လိုက်တာကြောင့် အသံတွေဆူညံသွားတဲ့အတွက် လူတွေက ရထားလာကိုရော အသံကိုရော မမြင်လိုက် မကြားလိုက်ဘဲဖြစ်သွားတာ” ဟု ၎င်းက ဆိုသည်။ရထားလမ်းပေါ်မှ လူများစွာက ၎င်းတို့၏ ဖုန်းများဖြင့် ပွဲတော်ကို ဓာတ်ပုံရိုက်နေကြခြင်းကြောင့် အရှိန်ဖြင့်ရောက်လာသည့် ရထားကို သတိမပြုမိခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.