Australia / Oceania
ငှက် နှင့် တိုက်မိပြီးနောက် အမေရိကန် ခရီးသည်တင် လေယာဉ် ဆစ်ဒနီတွင် အရေးပေါ်ဆင်းသက်ခဲ့ရ
ဆစ်ဒနီ ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
အမေရိကန် လေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇ ခရီးသည်တင် လေယာဉ်သည် လေဆိပ်မှ စတင် ပျံတက်စဉ် ငှက်နှင့် တိုက်မိသွားခြင်းကြောင့် ဆစ်ဒနီနိုင်ငံတကာ လေဆိပ်သို့အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ လေယာဉ်သည် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်သို့ပျံသန်းရန် ဆစ်ဒနီလေဆိပ်မှ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄ဝ မိနစ် မှ စတင်ထွက်ခွာစဉ် ငှက်နှင့် တိုက်မိသဖြင့် ဆစ်ဒနီလေဆိပ်သို့ အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။ ၎င်းဖြစ်စဉ်တွင် လေယာဉ်ပေါ် လိုက်ပါလာသူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း သိရသည်။
အရေးပေါ်လုပ်ထုံးလုပ်နည်း အတိုင်း လေယာဉ်ဆီများကို ပင်လယ်ထဲသို့ ဖောက်ပစ်ခဲ့ကြောင်းနှင့် လေယာဉ်မှူး ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်သာ လေယာဉ်အား ပြန်လည် ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း သြစတြေးလျ လေကြောင်းပို့ဆောင်ရေး ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာအား ပြောကြားသည်။
“ လိုအပ်ရင် ချက်ခြင်း အကူအညီပေးနိုင်ဖို့ မီးသတ်သမားတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေက အသင့်ပါပဲ” ဟု ၎င်းပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဆင်ဟွာ သတင်းဌာနသို့ပြောကြားသည်။
ငှက်နှင့် တိုက်မိပြီးနောက် လေယာဉ် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ်သဖြင့် လေယာဉ်မှူးသည် ဆစ်ဒနီလေဆိပ်ရှိ လေကြောင်းထိန်းချုပ်ရေး တာဝါသို့ အရေးပေါ် သတင်း ပို့ခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျ လေကြောင်း ထိန်းသိမ်းရေးဌာနသည် ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်ရန်အတွက် အမေရိကန် လေကြောင်းလိုင်းမှ သတင်း အချက်အလက်များကို စောင့်ဆိုင်းလျက် ရှိသည်။ အမေရိကန် လေကြောင်းလိုင်းက အဖြစ်အပျက်နှင့် ပတ်သက်၍ ဆင်ဟွာသို့ အစောတလျင် ဝေဖန်ပြောကြားမှု မပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)