Eastern Europe
ရုရှားနိုင်ငံ စစ်ထောက်လှမ်းရေးအကြီးအကဲ အသက် ၆၃ နှစ်အရွယ်တွင် ကွယ်လွန်

မော်စကို ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)
GRU ဟူ၍ လူသိများသော ရုရှားနိုင်ငံ အဓိကထောက်လှမ်းရေးညွှန်ကြားမှုအဖွဲ့အကြီးအကဲ Igor Korobov သည် အပြင်းအထန် နာမကျန်းဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၁ ရက်၌ အသက် ၆၃ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Korobov သည် ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်အကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ရုရှားနိုင်ငံ၏ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော ရုရှားပြည်ထောင်စုသူရဲကောင်းဆုတံဆိပ်ကို ဆွတ်ခူးရရှိခဲ့ကြောင်း ဖော်ပြထားသည်။
Korobov သည် ၁၉၈၅ ခုနှစ်မှစတင်ကာ စစ်ထောက်လှမ်းရေးအဖွဲ့တွင် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး အဓိကထောက်လှမ်းရေးညွှန်ကြားမှုအဖွဲ့တွင် ရာထူးအဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။၎င်းသည် ၂ဝ၁၆ ခုနှစ် အစောပိုင်းမှစတင်ကာ အဖွဲ့၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။
ထို့ပြင် ၎င်းသည် ရုရှားနိုင်ငံလက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုတိယစစ်ဦးစီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။(Xinhua)