Connect with us

Europe

ဂရိဝန်ကြီးချုပ်ဟောင်း စာအိတ်ဗုံးဖြင့် လုပ်ကြံခံရ၍ အနည်းငယ် ဒဏ်ရာရရှိ


အေသင်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံ အေသင်မြို့လယ်ကောင်တွင် မေလ ၂၅ ရက်က ဂရိဝန်ကြီးချုပ်ဟောင်း Loukas Papademos လိုက်ပါလာသော ကားအတွင်း စာအိတ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ဝန်ကြီးချုပ်ဟောင်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဂရိအမျိုးသား သတင်းဋ္ဌာန AMNA ၏ နောက်ဆုံးဖော်ပြချက်များအရ သိရသည်။

အသက် ၆၉နှစ်အရွယ် Papademos နှင့် အတူ ဒဏ်ရာအနည်းငယ်ရရှိခဲ့သော ယာဉ်မောင်း နှင့် လက်ထောက်ယာဉ်မောင်းတို့အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သတင်းရင်းမြစ်များ၏ အစောပိုင်း သတင်းရရှိချက်များအရ Polytechnic University အနီး မော်တော်ယာဉ် မောင်းနှင်သွားစဉ် စာအိတ်ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာအိတ်ဗုံးဖြင့် တိုက်ခိုက်ခံရသည့် ဂရိဝန်ကြီးချုပ်၏ ကားအား စစ်ဆေးနေစဉ် (ဆင်ဟွာ)

မည်သူ့လက်ချက်ဖြစ်သည်ကို သိရှိခြင်းမရှိသေးသော်လည်း နိုင်ငံရေး၊ ဘဏ္ဍာရေးဆိုင်ရာ ပုဂ္ဂိုလ်များ နှင့် ရဲတပ်ဖွဲ့ဝင်များကို နှစ်ပေါင်းများစွာ ပစ်မှတ်ထားတိုက်ခိုက်လာခဲ့သည့် ပြည်တွင်း အုပ်စု တစ်စုကို သံသယဝင်လျက်ရှိကြောင်း သိရသည်။

မကြာသေးမီ နှစ်များအတွင်း “Conspiracy of the Nuclei of Fire” အမည်ရှိ အုပ်စု က အလားတူ စာအိတ်ဗုံးဖြင့် တိုက်ခိုက်မှုများစွာက ၎င်းတို့၏လက်ချက်ဟုပြောခဲ့ပြီး စာအိတ်ဗုံးများဖြင့် ဥရောပခေါင်းဆောင် တစ်ချို့ထံ ပေးပို့၍ လုပ်ကြံခဲ့ကြောင်း သိရသည်။

Papademos သည် ၂၀၁၁ခုနှစ် နိုဝင်ဘာလ မှ ၂၀၁၂ခုနှစ် မေလ အထိ ကြားဖြတ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့ပြင် ၎င်းသည် ဂရိနိုင်ငံ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးအဖြစ် ၁၉၉၄ခုနှစ်မှ ၂၀၀၂ခုနှစ်အထိ လည်းကောင်း၊ ဥရောပဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ် ၂၀၀၂ခုနှစ်မှ ၂၀၁၀ခုနှစ်အထိ လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.