Connect with us

Europe

မွန်တီနီဂရိုးနိုင်ငံရှိ အမေရိကန် သံရုံး အသေခံဗုံးခွဲခံရ

မွန်တီနီဂရိုးနိုင်ငံရှိ အမေရိကန် သံရုံးရှေ့ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘယ်လ်ဂရိတ်၊ ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

မွန်တီနီဂရိုးနိုင်ငံ (Montenegro) မြို့တော် ပေါ့ဂိုရီကာရှိ အမေရိကန်နိုင်ငံ သံရုံးထဲသို့ လက်လုပ် လက်ပစ်ဗုံးဟု ယူဆရသော ပေါက်ကွဲစေသော ပစ္စည်းအား အမည်မသိ တိုက်ခိုက်သူတစ်ဦးက ပစ်သွင်းခဲ့ပြီး ၎င်းကိုယ်တိုင်လည်း အခြားဗုံးဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်က အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၀၀း၃၀ နာရီတွင် ဖြစ်ပွားခဲ့သည်။ အမည်မသိ လူတစ်ဦးသည် ပေါက်ကွဲစေသော ပစ္စည်းအား ပေါ့ဂိုရီကာရှိ အားကစားစင်တာအနီး အမေရိကန်သံရုံးဝင်းအတွင်းသို့ ပစ်သွင်းခဲ့ခြင်း ဖြစ်ကြောင်း မွန်တီဂီနီဂရိုးနို်င်ငံ အစိုးရ၏ ပြောကြားချက်အား ရဲတပ်ဖွဲ့၏ တွစ်တာအကောင့်၌ ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုနှင့် လုပ်ကြံသူအား စုံစမ်းနေဆဲဖြစ်ကြောင်း ဖြည့်စွက်ရေးသားထားသည်။

သံရုံးဝန်ထမ်းများအားလုံး ဘေးကင်းမှုရှိမရှိ သံရုံးက စိစစ်ရန် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ် Heather Nauert က ပြောကြားခဲ့သည်။

“လုပ်ကြံသူကို သိရဖို့ ရဲတပ်ဖွဲ့နဲ့အတူ သံရုံးဝန်ထမ်းတွေလဲ အနီးကပ်လုပ်ကိုင်နေပါတယ်။ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ သံရုံးလုံခြုံရေး အခြေအနေအရ နိုးနိုးကြားကြားရှိဖို့နဲ့ နောက်ထပ် သတိပေးချက် မထွက်လာမီတိုင်အောင် သံရုံးအား ရှောင်ရှားသွားလာကြပါ” ဟု ပေါ့ဂိုရီကာရှိ အမေရိကန်နိုင်ငံ သံရုံးက သတိပေးထားသည်။

ဥရောပတိုက်၏ အရှေ့တောင်ဘက်တွင် ရှိသော မွန်တီနီဂရိုးနိုင်ငံသည် Adriatic ပင်လယ် အနောက်တောင် ကမ်းရိုးတန်းနိုင်ငံ တစ်ခုဖြစ်ကာ ခရိုအေးရှားနိုင်ငံ၊ ဘော့စနီးယားနိုင်ငံနှင့် ဟာဇီဂိုးဗီးယားနိုင်ငံ၊ အယ်လ်ဘေးနီးယားနိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.