Connect with us

Europe

ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းမှာ နိုင်ငံစီးပွားရေးအတွက် အထူးအရေးပါကြောင်း ဆားဘီးယားနိုင်ငံ သမ္မတ ပြောကြား

ဆားဘီးယားနိုင်ငံရှိ ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းစီမံကိန်းတည်ဆောက်မှု လုပ်ငန်းခွင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဘဲလ်ဂရိတ်၊ မေ ၃၁ ရက်(ဆင်ဟွာ)

ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းစီမံကိန်းသည် ဆားဘီးယားနိုင်ငံအတွက် အထူးအရေးပါကြောင်း ၎င်းမှာ ရထားလမ်းတစ်လျှောက်ဒေသရှိ ပြည်သူများ၏ လူမှုဘဝ အဆင့်အတန်းနှင့်  ဒေသန္တရစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic က ယင်းတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်လေ့လာကြည့်ရှုစဉ် မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ 

သမ္မတ Aleksandar Vucicသည် ဆားဘီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဆောက်လုပ်ရေး၊လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အဦရေးရာ ဝန်ကြီးဌာန Mirko Cvetkovic၊ ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းပေါတို့နှင့်အတူ ဆာဘီးယားနိုင်ငံဘက်ရှိ ဘဲလ်ဂရိတ်မြို့-စတာရာဖစ်ဆိုဗာမြို့ အကြားရထားလမ်း အပိုင်း တည်ဆောက်မှုကို သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။  

ဆားဘီးယားနိုင်ငံသမ္မတ Aleksandar Vucic က ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းစီမံကိန်းတည်ဆောက်မှု လုပ်ငန်းခွင်အား မေ ၃၀ ရက်က သွားရောက်ကြည့်ရှုစဉ်(ဆင်ဟွာ)

ထိုသို့ သွားရောက် ကြည့်ရှုရာတွင် သမ္မတ Aleksandar Vucic က ဆောက်လုပ်ရေးအဖွဲ့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ဟန်ဂေရီ -ဆားဘီးယား ရထားလမ်း ပေါက်သွားပါက ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်မှ ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပတ်သို့ သွားရောက်မည့် ရထားလမ်းခရီးသည် ၃ နာရီမျှ ကြာတော့မည်မဟုတ်ဘဲ ဆားဘီးယားနိုင်ငံသည်လည်း ဥရောပတိုက်ဗဟိုအချက်နှင့် ပို၍ နီးကပ်သွားမည်ဖြစ်ရာ ပြည်သူလူထု၏ စားဝတ်နေရေးအဆင့်အတန်းသည်လည်း များစွာ မြင့်တက်လာမည်ဖြစ်ကြောင်း ၊ ထိုအခါ ရထားလမ်းတစ်လျှောက်တွင် စက်ရုံ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစင်တာများ တည်ဆောက်သွားမည် ဖြစ်ရာ ဆားဘီးယား၏စီးပွားရေးကို တိုးတက်ရန် နှိုးဆွစေနိုင်မည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ဆားဘီးယားနိုင်ငံသမ္မတ Aleksandar Vucic က ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းစီမံကိန်းတည်ဆောက်မှု လုပ်ငန်းခွင်အား မေ ၃၀ ရက်က သွားရောက်ကြည့်ရှုစဉ်(ဆင်ဟွာ)

ဟန်ဂေရီ-ဆားဘီးယား ရထားလမ်း စီမံကိန်းသည် ဆားဘီးယားနိုင်ငံအတွက် အထူးအရေးပါရာ အနာဂတ်ဖွံ့ဖြိုးရေး၏အနက်အဓိပ္ပါယ်ကို ပိုမို လေးနက်စေမည်ဖြစ်သလို မျိုးဆက်သစ်များအတွက်လည်း လက်ဆောင်မွန်ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

တရုတ်နိုင်ငံသည် ဆားဘီးယားနိုင်ငံ၏ယုံကြည်စိတ်ချရသော မိတ်ဖက် ဖြစ်ရာ ရထားသံလမ်းစသည့် အခြေခံအဆောက်အဦသစ် တည်ဆောက်မှုစီမံကိန်းများနှင့် ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်သွားကာ နှစ်နိုင်ငံပြည်သူ့အကျိုးကိုတည်ဆောက်ရန် ဆက်လက် တွန်းအားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆားဘီးယားနိုင်ငံသမ္မတ Aleksandar Vucic က ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းစီမံကိန်းတည်ဆောက်မှု လုပ်ငန်းခွင်အား မေ ၃၀ ရက်က သွားရောက်ကြည့်ရှုစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သံအမတ်ကြိး ချန်ပေါကလည်း ဆားဘီးယားနိုင်ငံအစိုးရနှင့် ဘက်ပေါင်းစုံ၏ အားပေးထောက်ခံမှုတွင် တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ခိုင်မာစွာလုပ်ဆောင်သွားသည့် တစ်ပြိုင်နက်တည်းမှာပင် တာဝန်ယူတည်ဆောက်နေသည့် အခြေခံအဆောက်ဦး စီမံကိန်းကို တစ်ခုမှ ရပ်နားမှုမရှိဘဲ ဆောင်ရွက်လျက်ရှိကြောင်း ၊ လက်ရှိတွင် ဆားဘီးယားနိုင်ငံ၏ ကပ်ရောဂါအခြေအနေသည် အခြေခံအားဖြင့် ထိန်းချုပ်နိုင်ပြီဖြစ်သလို တရုတ်ကုမ္ပဏီလုပ်ငန်းများမှလည်း စီမံကိန်းနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်ကြိုးစား အားဖြည့်ဆောင်ရွက်လျက်ရှိရာ တရုတ်-ဆားဘီးယားနှစ်နိုင်ငံ စီးပွားရေး ပြန်လည်နိုးထလာရန်နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို အကျိုးပြုနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းပြုပင်တည်ဆောက်ရေးစီမံကိန်းသည် တရုတ်နိုင်ငံနှင့် အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်သည့် စံတင်စီမံကိန်းတစ်ခုဖြစ်သည်။ အဆိုပါရထားလမ်းသည် ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်မှ ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပတ်သို့ ချိတ်ဆက်မည်ဖြစ်ပြီး ရထားလမ်း၏ စုစုပေါင်းအရှည်မှာ ၃၅၀ ကီလိုမီတာရှိကြောင်းသိရသည်။  (Xinhua)