Connect with us

Latin America

ပီရူးနိုင်ငံသမ္မတက သမ္မတ(ဟောင်း) အယ်ဗာတိုဖူဂျီမိုရီကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

အကျဉ်းချခံထားရသော ပီရူးနိုင်ငံသမ္မတဟောင်းအယ်ဗာတိုဖူဂျီမိုရီ (Alberto Fujimori) အားတွေ့ ရစဉ်(ဆင်ဟွာ)

လီမာ ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံသမ္မတ Pablo Kuczynski က ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံထားရသော သမ္မတဟောင်း အယ်ဗာတိုဖူဂျီမိုရီ (Alberto Fujimori) အား ကျန်းမာရေးအခြေအနေကြောင့် ဒီဇင်ဘာ ၂၄ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အယ်ဗာတိုဖူဂျီမိုရီကို လူသားချင်စာနာမှု အခွင့်အရေးတစ်ရပ်အနေနဲ့လွှတ်ပေးဖို့သမ္မတက ဆုံးဖြတ်ခဲ့ပါတယ်။ ဖူဂျီမိုရီဟာ အားအင်လျော့နည်းနေပြီး ကုသလို့မရနိုင်တော့တဲ့ ရောဂါဝေဒနာတွေ ခံစားနေရပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၇၉ နှစ်အရွယ်ရှိ ဖူဂျီမိုရီသည် သွေးပေါင်ကျဆင်းမှုကြောင့် ၎င်းအား ချုပ်နှောင်ထားသောအကျဉ်းထောင်မှ ဆေးရုံသို့ပြောင်းရွှေ့ပေးခဲ့ရသည်။

ဖူဂျီမိုရီသည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၉၉၁ ခုနှစ်က ကျူးလွန်ခဲ့သော Barrios Altos အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု နှင့် ၁၉၉၂ ခုနှစ်က ကျူးလွန်ခဲ့သော Cantuta အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအတွက် ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခြင်း ခံထားရသည်။ ၎င်း၏ အမိန့်ပေးမှုဖြင့် စစ်သားများက အရပ်သား ၂၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

၎င်း၏ သမီးဖြစ်သူ ကိုင်ရာကို ဖူဂျီမိုရီ (Keiko Fujimori) သည် ပြီးခဲ့သော သမ္မတရွေးကောက်ပွဲတွင် Kuczynski အား ရှုံးနိုမ့် ခဲ့ပြီး လက်ရှိတွင် အတိုက်အခံပါတီ Popular Force ပါတီကို ဦးဆောင်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့ပါတီသည် လွန်ခဲ့သော ရက်သတ္တပတ်က လက်ရှိသမ္မတ Kuczynski အား စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း လွှတ်တော်တွင်အရေးနိုမ့်ခဲ့ကြောင်း သိရသည်။

Kuczynski နှင့်ဆက်နွယ်မှုရှိသော ကုမ္ပဏီများသည် ဘရာဇီးနိုင်ငံ၏ အကြီးဆုံး အစုစပ်ကုမ္ပဏီတစ်ခုဖြစ်သည့် Odebrecht ကုမ္ပဏီ ထံမှ လာဘ်ငွေများ ရယူခဲ့ကြောင်း စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းစွပ်စွဲချက်အပေါ် Kuczynski က မည်သည့် အမှားအယွင်းမျှ ကျူးလွန်ထားခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.