Connect with us

Latin America

အရှေ့အလယ်ပိုင်း နှင့် အာဖရိကမြောက်ပိုင်း ရှစ်နိုင်ငံမှ အချို့လေကြောင်းလိုင်းများတွင် လက်တော့ပ်နှင့် တက်ဘလက်များ သယ်ဆောင်လာခြင်းအား အမေရိကန်တားမြစ်

အမေရိကန်နိုင်ငံ လေဆိပ်တစ်ခုတွင် လုံခြုံရေးများက ခရီးသည်များ၏ လက်ဆွဲအိတ်များအား စစ်ဆေးနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်မြောက်ပိုင်းနိုင်ငံ ရှစ်နိုင်ငံမှ ပျံသန်းလာသော လေကြောင်းလိုင်းအချို့ တွင် ပါရှိလာသည့် ခရီးဆောင်အိတ်များအတွင်း လက်တော့ပ်နှင့် တက်ဘလက်များ ကဲ့သို့သော အီလက်ထရောနစ်ပစ္စည်းများ သယ်ဆောင်လာခြင်းကို ပိတ်ပင်လိုက်ကြောင်း ပြည်တွင်းမီဒီယာက ပြောပြခဲ့သည်။

အဆိုပါ စည်းမျဉ်းသစ်အား မတ်လ ၂၁ ရက်တွင် တရားဝင်ကြေညာချက်ထုတ်ပြီး စတင်အသက်ဝင်လာမည်ဟု ခန့်မှန်းရကြောင်း နှင့် အမေရိကန်သို့ လေယာဉ်များ အဆက်မပြတ်ဝင်ရောက်နေသည့် အပြည်ပြည်ဆိုင်ရာလေဆိပ် ၁၀ခု ရှိရာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၊ ဂျော်ဒန်နိုင်ငံ အမ္မန်မြို့၊ ကူဝိတ်နိုင်ငံ ကူဝိတ်မြို့၊ မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့၊ ကွာတာနိုင်ငံ ဒိုဟာမြို့၊ ဆော်ဒီအာရေဗျနိုင်ငံမှ ရီယာ့ဒ်မြို့နှင့် ဂျီဒဟ်မြို့၊ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၊ အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီ နှင့် ဒူဘိုင်း တို့မှ လေကြောင်းလိုင်းများအပေါ် ယင်းကြေညာချက် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ AP သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

ခရီးသည်များအနေဖြင့် ၎င်းတို့၏ လက်ဆွဲအိတ်များအတွင်း လက်တော့ပ်များ၊ တက်ဘလက်များ၊ ဒီဂျစ်တယ်ကင်မရာများ နှင့် အခြားကြီးမားသည့် အီလက်ထရောနစ်ပစ္စည်းများ ထည့်သွင်းယူဆောင်လာခွင့်ရှိတော့မည် မဟုတ်ကြောင်း၊ လက်ကိုင်ဖုန်းများနှင့် အတည်ပြုချက်ပေးထားသည့် ဆေးပစ္စည်းကိရိယာများသာ တားမြစ်ချက်မှ ကင်းလွတ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိတ်ပင်တားမြစ်ချက်သည် Royal Jordanian လေကြောင်းလိုင်းအပါအဝင် ပြည်ပလေကြောင်းများအပေါ်၌သာ အကျိုးသက်ရောက်မည်ဖြစ်ပြီး အမေရိကန်လေကြောင်းလိုင်းများ မပါဝင်ကြောင်း သိရသည်။

ထို့သို့ တားမြစ်ရခြင်းအကြောင်းရင်းကို ရှင်းလင်းစွာ သိရှိခြင်းမရှိသေးကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များစွာ က အမေရိကန်အစိုးရအနေဖြင့် ခြိမ်းခြောက်မှုတစ်ခု လက်ခံရရှိပြီးကတည်းက ယင်းတားမြစ်ချက် ချမှတ်ရန် စဉ်းစားနေခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူ၏ပြောကြားချက်ကို ကိုးကား၍ AP သတင်းဋ္ဌာနကဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.