Latin America
ဘိုဂိုတာမြို့၏ ပထမဆုံး မြေအောက်ရထားလမ်း ဖောက်လုပ်ရန် ကိုလံဘီယာ သမ္မတက တရုတ် ကုမ္ပဏီများနှင့် စာချုပ် ချုပ်ဆို
ဘိုဂိုတာ ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)
ကိုလံဘီယာ နိုင်ငံ မြို့တော် ဘိုဂိုတာ၌ ပထမဆုံး မြေအောက်ရထားလမ်း ဖောက်လုပ်ရန် သမ္မတ Ivan Duque က တရုတ် ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းစု ဖြစ်သည့် APCA Transmimetro နှင့် နိုဝင်ဘာ ၂၇ ရက်တွင် စာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ကိုလံဘီယာ နိုင်ငံ သမ္မတ Ivan Duque က ဘိုဂိုတာမြို့၌ မြေအောက်ရထားလမ်း ဖောက်လုပ်ရန် ဆယ်စုနှစ် များစွာက မျှော်လင့်ခဲ့ကြောင်း ၊ ယနေ့တွင် နောက်ထပ် ခြေလှမ်း တစ်ရပ်ကို လှမ်းလိုက်ခြင်း ဖြစ်ပြီး စာချုပ် လက်မှတ် ရေးထိုးခြင်းမှာ အရေးပါဆုံး ဖြစ်သည်ဟု ပြောနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြေအောက် ရထားလမ်းအား ဆောက်လုပ်ရေး လုပ်ငန်းများအား တရားဝင် စတင်ပြီ ဖြစ်ကြောင်း ၊ မိမိတို့၏ မြို့တော် ဘိုဂိုတာမှာ ပြောင်းလဲလာပြီ ဖြစ်ကာ ယခုအခါတွင် မြို့၏ သမိုင်းတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများ စတင်ခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ သဘောတူ စာချုပ် လက်မှတ် ရေးထိုးခြင်းအား ကိုလံဘီယာ နိုင်ငံ မြို့တော် ဘိုဂိုတာရှိ သမ္မတရုံး၌ ပြုလုပ်ခဲ့ပြီး သမ္မတ Ivan Duque က ယင်းစီမံကိန်းမှာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်-ကိုလံဘီယာ ပူးတွဲ ဆောင်ရွက်မှု တိုးမြှင့်ရေး အတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ဘိုဂိုတာ မြေအောက် ရထားလမ်း အောင်မြင်စွာ ဆောက်လုပ်နိုင်ခြင်းမှာ စီမံကိန်းသစ်များ ပေါ်ပေါက်လာစေမည့် လမ်းစ ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ၊ ယင်းစီမံကိန်းက လာမည့် နှစ်နိုင်ငံ ဆက်ဆံရေး နှစ် ၄၀ ပြည့် နှင့်လည်း တိုက်ဆိုင်နေကြောင်း သမ္မတ Ivan Duque က ထည့်သွင်း ပြောကြားခဲ့သည်။
မကြာသေးမီက တရုတ် နိုင်ငံသို့ ကိုလံဘီယာ နိုင်ငံ သမ္မတ Ivan Duque သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်း ၎င်းနှင့် တရုတ် အရာရှိများက အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ရင်းနှှီးမြှုပ်နှံရန် ကိုလံဘီယာ နိုင်ငံသို့ တရုတ် ကုမ္ပဏီများ ပို၍ ဝင်ရောက် လာစေလိုသည့် အရေးကြီးသည့် အကြောင်းအရာများအား ပြောဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းတွင် ကမ္ဘာဘဏ် ၊ Inter-American ဖွံ့ဖြိုးတိုးတက်မှုဘဏ် နှင့် ဉရောပ ရင်းနှီး မြှုပ်နှံမှု ဘဏ်တို့လည်း ပါဝင်ခဲ့ပြီး ယင်းစီမံကိန်းမှ အလုပ်အကိုင် ခြောက်သောင်းခန့် ဖန်တီးပေးနိုင်ရန် မျှော်လင့်ကြောင်း သမ္မတ Ivan Duque ၏ ပြောကြားချက် အရ သိရသည်။
တရုတ် ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းစု ဖြစ်သည့် APCA Transmimetro မှာ China Harbour Engineering ကုမ္ပဏီ နှင့် Xi’an Metro ကုမ္ပဏီတို့ဖြင့် ဖွဲ့စည်းထားပြီး အဆိုပါ စီမံကိန်းတွင် ဒီဇိုင်း ရေးဆွဲခြင်း ၊ ငွေကြေး တစ်စိတ်တစ်ပိုင်း ထောက်ပံ့ခြင်း ၊ ရထား ဘူတာများ တည်ဆောက်ခြင်း နှင့် ရထားတွဲများ ထောက်ပံ့ခြင်း စသဖြင့် ကဏ္ဍတိုင်းတွင် ပါဝင်သွားမည် ဖြစ်ပြီး စီမံကိန်းအား နှစ် ၂၀ ကြာ လည်ပတ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)