Connect with us

North America

ကယ်လီဖိုးနီးယားကမ်းခြေ၌ မော်တော်ဘုတ် စက်လှေမီးလောင်မှုဖြစ်ပွားရာ ၈ ဦးသေဆုံး ၊ အလောင်း ၄ လောင်းဆယ်ယူရရှိထား


လော့စ်အိန်းဂျလိစ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ဆန်တာခရုကျွန်း(Santa Cruz) ကျွန်း၌ ရေငုပ်သမားများအသုံးပြုသည့် မော်တော်ဘုတ်လှေတစ်စီး မီးလောင်မှုဖြစ်ပွားရာ လူ ၈ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး ရုပ်အလောင်း ၄ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။

၎င်းမော်တော်ဘုတ်လှေ၏ ကုန်းပတ်အောက်တွင် လိုက်ပါသွားသော လူပေါင်း ၃၄ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာအစိုးရအရာရှိတစ်ဦးက စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ရှာဖွေတွေ့ရှိထားသော ရုပ်အလောင်း ၄ လောင်းတွင် အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၂ ဦးပါဝင်ကြောင်း Santa Barbara ခရိုင်ဥပဒေအရာရှိ Bill Brown က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။

“ ရှာတွေ့ထားတဲ့ ရုပ်အလောင်း ၄ လောင်းကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုဖို့ အခုချိန်မှာ မျိုးရိုးဗီဇစစ်ဆေးမှု လုပ်ဖို့လိုပါတယ်။ အဲဒါကအချိန်တော့ နည်းနည်းယူရမယ်” ဟု Brown က ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံကယ်လီဖိုးနီးယား၌ မီးလောင်ကျွမ်းနေသော စက်လှေအား မီးသတ်သမားများက ငြှိမ်းသတ်နေစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံကယ်လီဖိုးနီးယား၌ မီးလောင်ကျွမ်းနေသော စက်လှေအား မီးသတ်သမားများက ငြှိမ်းသတ်နေစဉ်(ဆင်ဟွာ)

ရှာဖွေရေး နှင့် ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပြီးနောက် ရုပ်အလောင်း ၄ လောင်းကို စက်လှေမီးလောင်မှုဖြစ်ပွားရာ အနီး ပင်လယ်ကြမ်းပြင်အောက်တွင် တွေ့ရှိခဲ့ကြောင်း နှင့် ကျန်ရှိနေသေးသော ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိရန် ရေငုပ်သမားအဖွဲ့တစ်ခုက ကြိုးပမ်းလုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၃ဝ မိနစ်တွင် အမေရိကန်ကမ်းခြေစောင့်တပ်သည် Conception ဟုအမည်ရသည့် အဆိုပါ မော်တော်ဘုတ်ထံမှ ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့ကြောင်း ၊ အချင်းဖြစ်နေရာသည် ဆန်တာခရုကျွန်းကမ်းခြေမှ မြောက်ဘက် ၁၈.၃ ကီလိုမီတာ အကွာတွင် တည်ရှိကြောင်း Brown က ဆိုသည်။

မီးစတင်လောင်ကျွမ်းချိန်တွင် မော်တော်ဘုတ်လှေပေါ်တွင် လှေမောင်းသမား ၅ ဦး ရှိနေကြောင်း ၊ ၎င်းတို့သည် ရေထဲသို့ခုန်ဆင်းခဲ့ကြကြောင်း နှင့် လှေတစ်စင်းက ကယ်ဆယ်ပေးခဲ့ရကြောင်း Brown ၏ ပြောကြားချက်အရ သိရသည်။(Xinhua)