North America
ဆိုက်ဘာ တိုက်ခိုက်မှုအသစ်ကြောင့် လော့စ်အိန်ဂျလိစ် ဆိပ်ကမ်းရှိ အကြီးဆုံး ဂိတ် ရပ်ဆိုင်းသွားခဲ့
လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုကြောင့် ဥရောပတွင် လုပ်ငန်းများ ပရမ်းပတာဖြစ်စေခဲ့ပြီးနောက် ဇွန်လ ၂၇ ရက်က လော့စ်အိန်ဂျလိစ်၏ အကြီးဆုံး ဆိပ်ကမ်းတွင်လည်း လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းသွားခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းဖော်ပြထားသည်။
ကမ္ဘာ့ သင်္ဘောသွားလာမှု၏ ၁၆ ရာခိုင်နှုန်းကို ဝင်ထွက်နေသည့် A.P. Moller-Maersk သင်္ဘော ကုမ္ပဏီမှ လည်ပတ်လျက်ရှိသော APM ဂိတ်သည် ကုမ္ပဏီ၏ အိုင်တီစနစ်အား နှောင့်ယှက်ခံရသည့်အတွက် ဇွန်လ ၂၇ ရက်က နာရီများစွာ ရပ်ဆိုင်းသွားခဲ့ရကြောင်း လော့စ်အိန်ဂျလိစ် နေ့စဉ် သတင်းစာအရ သိရသည်။
“ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် မတူညီတဲ့ ဆိုဒ်တွေ တစ်သီတစ်တန်းကြီးနဲ့ စီးပွားရေး ယူနစ်များပါတဲ့ Maersk အိုင်တီစနစ်ကျသွားခဲ့တယ်” ဟု ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် Concepcion Boo ၏ ပြောကြားချက်အား ကိုးကား၍ လော့စ်အိန်ဂျလိစ် နေ့စဉ် သတင်းစာက ဖော်ပြထားသည်။
“ဂိတ် တစ်ခုစီတိုင်းရဲ့ အခြေအနေတွေကို ကျွန်မတို့ လေ့လာနေပြီး ကျွန်မတို့ရဲ့ စီးပွားရေး ယူနစ်အားလုံးမှာ ဘယ်လို ဖြစ်သွားခဲ့လဲဆိုတာ ခြေရာကောက်နေပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှုက ရုရှားနိုင်ငံ ထိပ်တန်း ရေနံ ထုတ်လုပ်သူ Rosneft နှင့် ယူကရိန်း စီးပွားရေးဘဏ် အများအပြား၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများအား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၇ နှင့် ၂၈ ရက်များတွင် APM ဂိတ်မှ မည်သည့် သင်္ဘောမှ ဆိုက်ကပ်မည် မဟုတ်ကြောင်း နှင့် ထရပ်ကားများအနေဖြင့်လည်း လာရောက်ခြင်း မပြုရန် သတိပေးထားကြောင်း LA နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။
ထိုသို့ လုပ်ငန်းများ ရပ်ဆိုင်းရခြင်းကြောင့် သွင်းကုန်၊ ထုတ်ကုန်သမားများ အဆင်မပြေဖြစ်ခဲ့သလို လက်ကားသမားများ၊ လက်လီ အရောင်းဆိုင်များနှင့် ရှယ်ယာသမားများ အပေါ် သက်ရောက်မှု ရှိခဲ့ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ (Xinhua)