Connect with us

North America

တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး ချိတ်ဆက်မှုများ နက်ရှိုင်းမှုရှိစေရန် အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် မျှော်လင့်

အမေရိကန်နိုင်ငံ ဒက်ထရွိုက်မြို့ရှိ အသစ်ဖွင့်လှစ်လိုက်သော ကွေ့ကျိုးမော်တော်ကားအုပ်စု (GAC) ၏ R&D စင်တာတွင် ခင်းကျင်းပြသထားသည့် ကားများအား တွေ့ရစဉ် (ဆင်ဟွာ)

ဒက်ထရွိုက်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်အနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ဖက်များထံမှ ကြီးမားသော အကျိုးကျေးဇူး ရရှိခဲ့ကြောင်းနှင့် တရုတ်ဈေးကွက်အတွင်းရှိ အရေးပါသော အကျိုးစီးပွားများအား စိတ်ဝင်စားလျက်ရှိကြောင်း မီချီဂန်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မီချီဂန်ပြည်နယ်၏ အရေးပါသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်တစ်ခုဖြစ်ကြောင်း မီချီဂန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်ပိုရေးရှင်း (MEDC) ၏ မီဒီယာနှင့် ဆက်သွယ်ရေး မန်နေဂျာ အိုတီ မက်ကင်လေး (Otie McKinley) က မကြာသေးမီက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှု၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ရင်းနှီးမြှုပ်နှံမှုအနေဖြင့် မီချီဂန်တွင် တရုတ်ကုမ္ပဏီ ၃၀၀ ကျော်လည်ပတ်လုပ်ကိုင်နေပြီး မီချီဂန်ကလူတွေအတွက် အလုပ်အကိုင် ၁၀,၀၀၀ ကျော် ထောက်ပံ့ပေးလျက်ရှိကာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပါတယ်” ဟု ၎င်းကဆိုသည်။

ကုန်သွယ်မှုအနေဖြင့်လည်း တရုတ်နိုင်ငံက မီချီဂန်၏ ထိပ်တန်းပို့ကုန်ဈေးကွက်သုံးခုအတွင်း ပါဝင်ပြီး ၂၀၁၈ ခုနှစ်၌ တရုတ်နိုင်ငံသို့ မီချီဂန်၏ ပို့ကုန်ရောင်းချမှု စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၅၅ ဘီလီယံရှိကြောင်း မက်ကင်လေးက ပြောခဲ့သည်။

“ကျွန်တော်တို့က ပြိုင်ဘက်ဆိုတာထက် မိတ်ဖက်တွေဖြစ်ကြောင်း သေချာစေတာက ကျွန်တော်တို့ရဲ့ ပို့ကုန်တွေ တိုးလာခြင်း၊ တရုတ်ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ခဲ့ခြင်းနဲ့ မီချီဂန်နယ်သားတွေအတွက် အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးနိုင်ခြင်းတွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မက်ကင်လေး၏ ပြောကြားချက်အရ MEDC က မီချီဂန်ကုမ္ပဏီများနှင့် တရုတ်ဝယ်သူများနှင့် ဖြန့်ချိသူများအကြား ထိရောက်သော အစည်းအဝေးများ ပြုလုပ်နိုင်ရန်၊ မီချီဂန်ကုမ္ပဏီများအတွက် တရုတ်နိုင်နှင့် ကမာ္ဘပေါ်ရှိအခြားဈေးကွက်များတွင် တိုးချဲ့ရန် စိတ်ဝင်စားနေမှုအတွက် ထောက်ပံ့မှုများအား စီစဉ်ပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

အမေရိကန်-တရုတ် ကုန်သွယ်မှု ပဋိပက္ခက တရုတ်နိုင်ငံနှင့် မီချီဂန်ပြည်နယ်၏ ကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိကြောင်း မက်ကင်လေးက ဝန်ခံခဲ့သည်။

“တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး တိုးတက်ခဲ့လို့ မီချီဂန်၏ အလုပ်လက်မဲ့နှုန်းက သမိုင်းတွင်လောက်နီးပါး လျော့ကျခဲ့ပြီး တိုးတက်မှု ခိုင်မာလာခဲ့တယ်။ အခုထိ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေးမှာ သက်ရောက်မှုတွေက သိသိသာသာတွေ့မြင်နေနိုင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)