Connect with us

North America

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ် ရှိနေခြင်းဖြစ်နိုင်ဟု သုတေသန လေ့လာချက်များ တွေ့ရှိရ၊ ရုရှားနိုင်ငံ၌ တစ်ရက်အတွင်း သေဆုံးလူနာအရေအတွက် စံချိန်တင် မြင့်တက်

Stay at Home အမိန့်ထုတ်ထားသည့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့၏ မြင်ကွင်းတစ်နေရာအား နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ် ရှိနေခြင်း ဖြစ်နိုင်သည်ဟု သုတေသီများက လေ့လာတွေ့ရှိခဲ့ကြောင်းနှင့် ရုရှားနိုင်ငံတွင် တစ်ရက်အတွင်း သေဆုံးလူနာအရေအတွက် စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၂ ရက် ၁၆ နာရီ ၂၅ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၄၉၁,၄၂၀ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၁၀,၀၂၈ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၆၃,၃၆၀,၂၃၄ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၄၇၅ ,၈၂၅ ဦး ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၃ ရက် ၇ နာရီ ၂၆ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၆၄,၃၂၆,၈၈၀ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၄၈၈,၉၉၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၃,၈၈၁,၆၂၀ ဦး နှင့် သေဆုံးသူ ၂၇၂,၈၂၀ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ(CDC) သုတေသီများ၏ နောက်ဆုံးသုတေသနပြုလေ့လာမှုတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ရယူထားသည့် သွေးနမူနာများတွင် ကိုရိုနာဗိုင်းရပ်စ် ခုခံအား ရှိနေပြီဖြစ်သည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ယင်းမှာ ထိုအချိန်က ကိုရိုနာဗိုင်းရပ်စ် အမေရိကန်တွင် ရှိနေပြီဖြစ်နိုင်ကြောင်းနှင့် ၎င်းအချိန်သည် အမေရိကန်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် ပထမလူနာတွေ့ရှိသည်ဟု ကြေညာသည့်အချိန်ထက်စောသည်ကို ဖော်ပြကြောင်း သိရသည်။

ရုရှားနိုင်ငံတွင် အသစ်ထပ်တိုးအတည်ပြုလူနာ ၂၅,၃၄၅ ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ ၂,၃၄၇,၄၀၁ ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ စံချိန်တင်အဖြစ် ၅၈၉ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၄၁,၀၅၃ ဦး ရှိကြောင်း ရုရှား ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားမှုဌာန၏ ဒီဇင်ဘာ ၂ ရက် အစီရင်ခံစာအရ သိရသည်။

ပြင်သစ်နိုင်ငံတွင် လက်ရှိကပ်ရောဂါအခြေအနေကို ပို၍သိရှိနိုင်ရန် မြို့ဒေသအချို့တွင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ဆေးစစ်ပေးခြင်း လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ၃ ကြိမ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြင်သစ် ဝန်ကြီးချုပ် Jean Castexက ဒေသခံမီဒီယာများကို ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်း ပြည်သူ့ဆန္ဒ စစ်တမ်းကောက်ယူရေးအဖွဲ့ Rating Groupက ၎င်းနိုင်ငံ ဒေသအသီးသီရှိ အရွယ်ရောက်ပြီးသူ ၂,၅၀၀ ဦးကို စစ်တမ်းကောက်ယူခဲ့ရာတွင် ၅၅ ရာခိုင်နှုန်းက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အခမဲ့ထိုးလိုပြီး အခကြေးငွေ ကုန်ကျခံ၍ ကာကွယ်ဆေးထိုးလိုသူ ၃၅ ရာခိုင်နှုန်းရှိကြောင်း ယင်းအဖွဲ့၏ ဒီဇင်ဘာ ၂ ရက် ထုတ်ပြန်ချက်များအရ သိရသည်။

အစ္စရေးနိုင်ငံတွင် ကိုဗစ် တတိယလှိုင်း ယခုစတင်နေပြီဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းများ မြင့်တက်လျက်ရှိပြီး ဒေသ ၉၀ တွင် ဆိုးဝါးသည့်အခြေအနေသို့ ပြောင်းလဲနေကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးဝန်ဆောင်မှုတာဝန်ခံ Sharon Elroiက ဒီဇင်ဘာ ၁ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)