Connect with us

North America

COVID-19 ကူးစက်မှု မြင့်တက်နေရာ အမေရိကန်နိုင်ငံသည် “အခက်ခဲဆုံးအချိန်ကာလ” ဖြင့် ကြုံတွေ့နေရဟု CDC အကြီးအကဲသတိပေး

အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာန (CDC) အကြီးအကဲ Robert Redfield အား ဇွန် ၃၀ ရက်က တွေ့ရစဉ်(Kevin Dietsch/Pool via Xinhua)

ဝါရှင်တန်၊ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန(CDC) အကြီးအကဲက နိုင်ငံအတွင်း COVID-19 ကပ်ရောဂါ ကူးစက်မှု မြင့်တက်နေသဖြင့် နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများတွင် လူနာ လက်ခံနိုင်သည့် အနေအထားကို ကျော်လွန်ရောက်ရှိနေကြောင်း နှင့် နိုင်ငံသည် အခက်ခဲဆုံးအချိန်ကာလဖြင့် ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်တွင် သတိပေးပြောကြားလိုက်သည်။

“ တကယ်တမ်းတော့ ဒီဇင်ဘာ ၊ ဇန်နဝါရီ နဲ့ ဖေဖော်ရီလတွေဟာ အဆိုးဝါးဆုံးအချိန်ကာလတွေဖြစ်လာနေပါတယ် ၊ ဒီနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးသမိုင်းတစ်လျှောက် အခက်ခဲဆုံးအချိန်ကာလဖြစ်မယ်လို့ ကျွန်တော်အမှန်တကယ်ယုံကြည်ထားတယ်” ဟု CDC ဌာန ညွှန်ကြားရေးမှူး Robert Redfield က အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဖက်ဒရေးရှင်းအဖွဲ့ချုပ် နှင့်အတူ ပြုလုပ်သည့် အွန်လိုင်းအစီးအဝေးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံ၏အချို့နေရာများတွင် အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို အလေးထားဆောင်ရွက်ခဲ့ကြောင်း နှင့် ကျန်းမာရေးဝန်ထမ်းများ နှင့် ဆေးဘက်ဆိုင်ရာအသုံးဆောင်ပစ္စည်းများကို အဆိုပါ ကူးစက်မှုမြင့်မားသည့်နေရာများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။သို့သော် ယခုအခါ နိုင်ငံ၏ အစိတ်အပိုင်းအားလုံးသည် ကူးစက်မှုအလွန်မြင့်တက်နေပြီဖြစ်ရာ ဆေးရုံတက်ရောက်ကုသရသော လူနာအရေအတွက်မှာလည်း အလွန် မြင့်တက်မားနေကြောင်း Redfield က ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာ ၂ ရက်က ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော လူနာအရေအတွက်သည် ၁၀၀,၂၂၆ ဦးရှိနေခဲ့ရာ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ပထမဆုံးအကြိမ်ဖြစ် ဆေးရုံတက်ရောက်သူဦးရေ တစ်သိန်းကျော် ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း COVID-19 ခြေရာခံစီမံကိန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံပေါင်း ၉၀ ရာခိုင်နှုန်းကျော်သည် လူနာများပြည့်နှက်နေ၍ အနီရောင်ဇုန် အဆင့်ထိရောက်ရှိနေကြောင်းလည်း ညွှန်ကြားရေးမှူးက ဆိုသည်။ “ ဖေဖော်ဝါရီလမတိုင်မီ ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ အမေရိကန်နိုင်ငံသား ၄၅၀,၀၀၀ လောက် ဒီဗိုင်းရပ်စ်ရောဂါနဲ့ သေဆုံးဖို့နီးကပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ၁၃.၉ သန်း နှင့်အတူ သေဆုံးသူ ၂၇၃,၀၀၀ ဖြင့် ကမ္ဘာပေါ်တွင် ကပ်ရောဂါ အဆိုးရွားဆုံးခံစားနေရသောနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)