Connect with us

North America

အမေရိကန်နိုင်ငံ တောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံး

အမေရိကန်နိုင်ငံ ဟူစတန်ရှိ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟို့စ်တန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်ပိုင်း တက္ကဆက်ပြည်နယ် ဟူစတန်နယ်မြေ အနောက်တောင်ပိုင်း၌ ဇူလိုင်လ ၃၀ ရက် မွန်းလွဲပိုင်းတွင် အမျိုးသားတစ်ဦးက ၎င်း၏ ချစ်သူဟောင်းနှင့် ထိုမိန်းကလေး၏ဆွေမျိုးများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ ဟူစတန်မြို့လယ် အနောက်တောင်ဘက်မှ ၅၅ ကီလိုမီတာခန့်အကွာ ရိုဆန်ဘာ့ခ်နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖို့ဘန်းကောင်တီရဲအရာရှိရုံးက တွစ်တာပေါ်တွင် ရေးသားထားသည်။

အသက် ၄၂ နှစ်အရွယ် Juan Deleon သည် ၎င်း၏ ချစ်သူဟောင်းအား အဝေးပြေးလမ်းတစ်ခုပေါ်ရှိ ကားတစ်စီးတွင် တွေ့ရှိကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်ပစ်ခံရသူမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခြင်းခံရကြောင်း၊ ၎င်းက တာဝန်ရှိသူများအား ၎င်း၏မိသားစုအိမ်သို့သွားကာ ဆွေမျိုးများအား ကြည့်ရှုစစ်ဆေးပေးရန် ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။

ယင်းအမျိုးသမီး၏နေအိမ်သို့ ရောက်ရှိချိန်တွင် အမျိုးသမီး၏မိခင်နှင့် ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးတို့ သေဆုံးနေသည်ကို တာဝန်ရှိသူများ တွေ့ရှိခဲ့ကြသည်။

သေနတ်ပစ်ခတ်သူအမျိုးသားမှာ ၎င်းနေထိုင်ရာရပ်ကွက်သို့ ပြန်လာကာ ၎င်း၏ကားအတွင်း၌ပင် မိမိကိုယ်ကို ပစ်ခတ်ခဲ့ကြောင်း၊ နောက်ပိုင်း ယင်းဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သေနတ်ပစ်ခံရသူအမျိုးသမီး၏ ဒဏ်ရာမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း၊ သေနတ်ပစ်ခတ်မှုအား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)