Connect with us

Highlights

လာမည့်နှစ်သစ်များတွင် ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်ရန် ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ဟု သမ္မတ ဦးထင်ကျော် ပြောကြား

နိုင်ငံတော် သမ္မတ ဦးထင်ကျော်အားတွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ယခုနှစ်သစ်နှင့် နောင်လာမည့် နှစ်များဟာ ပိုမိုမြင့်မားတဲ့အဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်မည်ဟု ပြည်သူများ ယုံကြည်လျက်ရှိကြောင်း ၊ ထိုကဲ့သို့ အောင်မြင်မှုများရရှိစေရန် နိုင်ငံသူနိုင်ငံသားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုများ အထူးလိုအပ်ကြောင်း နိုင်ငံတော် သမ္မတဦးထင်ကျော်က ယနေ့ ပြောကြားသော ၎င်း၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သမ္မတဦးထင်ကျော်က “အခုဆိုရင် ဒီနှစ်သစ်နဲ့ နောင်လာမယ့်နှစ်များဟာ ကျွန်တော်တို့နိုင် ငံနဲ့ ပြည်သူများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်စေဖို့ အခွင့်အလမ်းများစွာ သယ်ဆောင်လာမှာဖြစ်ကြောင်း အားလုံးကယုံကြည် စွာဖြင့် မျှော်လင့် စောင့်စားလျက် ရှိကြလိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ ဒါပေမယ့် ဒီအခွင့်အလမ်းတွေကို အထိရောက်ဆုံး အသုံးချနိုင်ဖို့နဲ့ တိုင်းပြည်အတွက် အကောင်းဆုံး အကျိုးရလဒ်တွေ ပေါ်ထွက်လာစေဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ မပြတ်သော သတိ၊ မလျှော့သော လုံ့လ ဝီရိယနဲ့ ကြိုးပမ်း ဆောင်ရွက်သွား ကြရဦးမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဆောင်ရွက်ရန် ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုသည် အရေးကြီးကြောင်း ၊ ထို့ကြောင့် အစိုးရမှ တိုင်းပြည် အကျိုးအတွက် ရည်ရွယ် ချမှတ်ထားသည့် မူဝါဒများ ဖြစ်သည့် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်မှုကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်ရေးနဲ့ ပြည်သူ အများစုရဲ့ လူနေမှု ဘဝများ တိုးတက် မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာတွင် ကျွန်တော်တို့အား ရွေးချယ်ပြီး တာဝန် အပ်နှင်းခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူများကလည်း မိမိတို့နေရာ ကဏ္ဍ အသီးသီးက ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကျွန်တော်တို့ရဲ့ ချို့ယွင်းချက်များ ကို ဝေဖန် ထောက်ပြခြင်း၊ လုပ်ဆောင်သင့်တာတွေကို အကြံပြု လမ်းညွှန်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဆက်လက် တက်ကြွစွာ ဝိုင်းဝန်း ပါဝင်ပေးကြဖို့ အလေးအနက် ပန်ကြားလိုကြောင်း သမ္မတ ဦးထင်ကျော်က ၎င်း၏ နှုတ်ခွန်းဆက ်စကားတွင် ထည့်သွင်း ပြောကြားသည်။

အစိုးရ အဖွဲ့သစ် အနေနဲ့ နိုင်ငံတော် တာဝန်တွေကို စတင် ထမ်းဆောင်တဲ့ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တစ်ဖွဲ့လုံးကို မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က ပြည်သူ လူထုတွေက သောင်းသောင်းဖြဖြ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး စတုဒိသာ ကျွေးမွေး ခဲ့ကြတာ၊ လုပ်အားဒါန ပြုကြတာတွေ အတွက် အထူးပဲ ဝမ်းမြောက်ကျေးဇူး တင်ပြီး အသိ အမှတ်ပြု ကြောင်း၊ အစိုးရဖွဲ့နိုင်သည် အထိ မဲပေးခဲ့ကြသည့် ပြည်သူများအား ကျေးဇူးတင်ကြောင်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာစေကြောင်း သမ္မတမှ ဆုတောင်း စကား ပြောကြားခဲ့သည်။ (Xinhua)