Connect with us

China

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မြို့တော် ပေကျင်းမှနေ၍ China Media Group နှင့် အင်တာနက်မှတစ်ဆင့် ၂၀၂၄ ခုနှစ်အတွက် နှစ်သစ်မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နှစ်သစ်ရောက်ခါနီးအချိန်အခါတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် China Media Group နှင့် အင်တာနက်မှတစ်ဆင့် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် Zhaodong မြို့ Dongsheng ကျေးရွာတွင် ပြောင်းဖူးများ အခြောက်ခံနေသော လယ်သမားတစ်ဦးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပေကျင်းမြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မဆင်းသက်မီ C919 ခရီးသည်တင်လေယာဉ်ကြီးကို ၂၀၂၃ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရဲဘော်များ၊ မိတ်ဆွေများခင်ဗျာ။

အားလုံးမင်္ဂလာပါ။ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ ဝင်ရောက်မယ့် အခုလို သာယာလှပသော အချိန်အခါမှာ ကျွန်တော်က ပေကျင်းမှနေပြီး အားလုံးပျော်ရွှင်ပါစေလို့ နှစ်သစ်ကူး ဆုတောင်းပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကျွန်တော်တို့ဟာ အခက်အခဲများကို ကျော်လွှားပြီး ဆက်တိုက်အားထုတ်ချီတက်ကာ သာယာလှပသော မြင်ကွင်းများကို မြင်တွေ့ကာ ကြီးမားသည့် အောင်မြင်မှုများ ရရှိနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အခက်အခဲအမျိုးမျိုးကို ကျော်လွှားနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကို မှတ်ထားပြီး၊ အနာဂတ်ရေးအပေါ်လည်း ယုံကြည်မှုအပြည့်ထားရှိပါတယ်။

ဒီနှစ်အတွင်း ကျွန်တော်တို့ဟာ ထိထိရောက်ရောက် ခြေလှမ်းခိုင်ခံ့စွာ လျှောက်လှမ်းလာခဲ့ကြပါတယ်။ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း အခြေအနေသစ်သို့ တည်ငြိမ်စွာ ကူးပြောင်းလာနိုင်ခဲ့ပြီး တရုတ်ပြည်စီးပွားရေး ဆက်တိုက်နာလန်ပြန်ထူလာကာ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ထိရောက်စွာ မြှင့်တင်နိုင်ခဲ့ပါတယ်။ ခေတ်မီ ကုန်ထုတ်လုပ်မှု စည်းစနစ် ပိုမိုပြည့်စုံကောင်းမွန်လာပြီး အဆင့်မြင့်တဲ့ စမတ် အစိမ်းရောင် အမျိုးအစားသစ် ကျောရိုးမဏ္ဍိုင်လုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ စားနပ်ရိက္ခာထုတ်လုပ်မှု နှစ်၂၀ အတွင်း ဆက်တိုက်တိုးတက်လာပြီး စိမ်းလန်းစိုပြေသော တောတောင်ရေမြေ တည်ဆောက်ရေးလုပ်ငန်း ပိုမို အရည်အသွေး ကောင်းမွန်စွာ တိုးတက်လာကာ ကျေးလက်ရှင်သန်ရေးလုပ်ငန်းတွင် ကောင်းမွန်သည့်အခြေအနေအသစ်များ ပေါ်လွင်လာနေပါတယ်။ အရှေ့မြောက်ပိုင်းဒေသ ဘက်စုံရှင်သန်ရေးလုပ်ငန်း အခန်းကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့ပြီး ရှုံအန်းဇုန်သစ် အရှိန်အဟုန်ဖြင့် ရှင်သန်ဖွံ့ဖြိုးလာကာ ယန်ဇီမြစ် စီးပွားရေးဇုန် ရှင်သန်စွမ်းအားအပြည့်ရှိ၍ ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသကြီး ရှေ့ပြေးနေရာ၌ ရပ်တည်ပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ တရုတ်စီးပွားရေးက လေပြင်းလှိုင်းကြီးများမှာ အခက်အခဲများကိုကျော်လွှားပြီး ပိုမိုရှင်သန်လာနိုင်ခဲ့ပါတယ်။

ဒီနှစ်အတွင်း ကျွန်တော်တို့ဟာ အားကောင်းစွာနဲ့ လျှောက်လှမ်းလာခဲ့ကြပါတယ်။ အချိန်ကြာရှည်စွာ အခက်အခဲများကို ကြံ့ကြံ့ခံပြီး တရုတ်ပြည်ရဲ့ ဆန်းသစ်တီထွင်စွမ်းအား၊ ဖွံ့ဖြိုးတိုးတက်မှု ရှင်သန်စွမ်းအား၊ အားကောင်းစွာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ C919 လေယာဉ်ကြီး စီးပွားဖြစ် ပျံသန်းမှု ဖော်ဆောင်နိုင်ခဲ့ပြီး ရှန်ကျိုး အာကာသယာဉ်များဆက်တိုက် ပျံသန်းနိုင်ခဲ့ကာ Fen Dou Zhe ပင်လယ်ရေနက် ရေငုပ်သင်္ဘော ပင်လယ်ရေနက် ရေငုပ်ခြင်းများ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ တရုတ်ပြည်ထုတ် ကုန်ပစ္စည်းများ အရောင်းကောင်းမွန်ပြီး တရုတ်ပြည်ထုတ် အမျိုးအစားသစ် ဟန်းဖုန်းများ လူအများရဲ့ကြိုဆိုမှုခံရကာ စွမ်းအင်သစ် မော်တော်ယာဉ် လစ်သီယမ် ဘက်ထရီ၊ နေရောင်ခြည်စွမ်းအင်သုံး ကုန်ပစ္စည်းများဟာ တရုတ်ပြည်ထုတ် ကုန်ပစ္စည်များအတွက် ရသသစ်များဆောင်ကြဉ်းပေးလာပါတယ်။ တရုတ်နိုင်ငံဟာ လုံ့လဇွဲရှိရှိနဲ့ အစွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး နေရာအနှံ့မှာ ဆန်းသစ်တီထွင်မှုများကို နေ့စဉ်နေ့တိုင်းလိုလို မြင်တွေ့ရပါတယ်။

ဒီနှစ်အတွင်း ကျွန်တော်တို့ဟာ စိတ်အားထက်သန်စွာ လျှောက်လှမ်းလာခဲ့ကြပါတယ်။ ချန်တူး တက္ကသိုလ် ကျောင်းသားကျောင်းသူများ အားကစားပြိုင်ပွဲနဲ့ ဟန်ကျိုး အာရှ အားကစားပြိုင်ပွဲများ ရသမြောက်လှပြီး အားကစားမောင်မယ်များက ကြိုးကြိုးစားစား ပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများကို ရရှိခဲ့ကြပါတယ်။ ပွဲတော်အားလပ်ရက်များမှာ ခရီးသည်ဦးရေ အမြောက်အမြား တိုးလာပြီး ရုပ်ရှင်ဈေးကွက်များ အရှိန်အဟုန် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ရွာ စူပါလိဂ် ဘောလုံးပြိုင်ပွဲ၊ ရွာ နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ ရွှန်းတင့်လှပပြီး ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော နေထိုင်မှုဘဝပုံစံ ခေတ်စားလာနေပါတယ်။ နွေးထွေးသော နေထိုင်မှုဘဝ အငွေ့အသက်များနဲ့ နာလန်ပြန်ထူလာသော စိတ်အားထက်သန်မှုများဟာ လူအများရဲ့ သာယာလှပသော နေထိုင်မှုဘဝအပေါ် မျှော်မှန်းချက်ကို ပြသတဲ့အပြင် ရှင်သန်မှုပြည့်ဖြိုးသော နွေးထွေးမှုအပြည့်ဖြစ်သော တရုတ်ပြည်အခြေအနေ ပေါ်လွင်လာစေပါတယ်။

ဒီနှစ်အတွင်း ကျွန်တော်တို့ဟာ ယုံကြည်စိတ်ရှိစွာနဲ့ လျှောက်လှမ်းလာခဲ့ကြပါတယ်။ တရုတ်နိုင်ငံဟာ ကြီးမြတ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကြီးမြတ်တဲ့ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းလာပါတယ်။ ဒီကျယ်ပြောလှတဲ့ နယ်မြေပေါ်မှာ သဲကန္တရ ရှုခင်းရော တောင်ပိုင်းဒေသ မိုးရှုခင်းပါ လူအများကိုဆွဲဆောင်နေပြီး ကွေ့ကောက်တဲ့ မြစ်ဝါမြစ်၊ ယန်ဇီမြစ်ရှုခင်းများဟာ လူအများရဲ့ စိတ်အားထက်သန်မှုများ နိုးထလာစေပါတယ်။ လျှန်ချူနဲ့ အာ့လီထို ရှေးဟောင်းယဉ်ကျေးမှုများ၊ ရင် မင်းဆက်ခေတ်က လိပ်ခွံစာ၊ စန်းရှင်းတွေး ယဉ်ကျေးမှုအမွေအနစ်နဲ့ အမျိုးသား ပုံနှိပ်ပြတိုက်မှ ရှေးဟောင်းယဉ်ကျေးမှုများဟာ …… တရုတ်အမျိုးသားသမိုင်းသက်တမ်း လွန်စွာ ကြာမြင့်ပါတယ်။ တရုတ်အမျိုးသား ယဉ်ကျေးမှုဟာ နက်နဲပြီး အနှစ်သာရကျလှပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ယုံကြည်မှု၏ အခြေခံနဲ့ အင်အား၏ အရင်းအမြစ် ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မိမိကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်တဲ့အပြင် ကမ္ဘာကြီးကိုလည်း ပွေ့ဖက်နေကာ နိုင်ငံကြီးအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေပါတယ်။ တရုတ်နိုင်ငံဟာ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေး၊ တတိယ အကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်တွေကို အောင်မြင်စွာ ကျင်းပခဲ့ပြီး တိုက်ကြီး ၅ ခုမှ ဧည့်သည်တော်များကို ကြိုဆိုခဲ့ပါတယ်။ ကျွန်တော်ကလည်း နိုင်ငံတချို့ကို သွားရောက်ခရီးလှည့်လည်ခဲ့ပြီး နိုင်ငံတကာ အစည်းအဝေးတချို့ကို တက်ရောက်ခဲ့ကာ မိတ်ဆွေဟောင်းနဲ့ မိတ်ဖက်သစ်များစွာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တရုတ်ခံယူချက်များကို မျှဝေပြီး အပြန်အလှန် နားလည်သိရှိမှုများ နက်ရှိုင်းလာပါတယ်။ ကမ္ဘာ့အခြေအနေ ပြောင်းလဲမှုများပြားပေမဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုဟာ အစဉ်တစိုက် အဓိက ရေစီးကြောင်းဖြစ်ပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုဟာ အစဉ်တစိုက် မှန်ကန်သော လမ်းကြောင်းပဲဖြစ်ပါတယ်။

ချီတက်ရေးလမ်းကြောင်းပေါ်မှာ အကွေ့အကောက်ရှိခြင်းဟာ ပုံမှန်အခြေအနေပဲဖြစ်ပါတယ်။ အချို့လုပ်ငန်းကုမ္ပဏီများဟာ လည်ပတ်မှုဆိုင်ရာ ဖိအားများနဲ့ရင်ဆိုင်နေရပြီး ပြည်သူလူထုအချို့က အလုပ်အကိုင်နဲ့ နေထိုင်မှုဘဝဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရ၍ ဒေသအချို့မှာ ရေလွှမ်းမိုးမှု၊ တိုင်ဖွန်းမုန်တိုင်း၊ မြေငလျင်လှုပ်ခတ်မှု အစရှိတဲ့ သဘာဝဘေးအန္တရာယ်များနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါတွေကို ကျွန်တော် စိတ်ထဲမှာ ထည့်ထားပါတယ်။ ကျွန်တော်တို့ အခက်အခဲနဲ့ စိန်ခေါ်မှုများကို ကျော်လွှားပြီး အပြန်အလှန် ဖေးမ ထောက်ခံကာ ယင်းအတွက် ကျွန်တော် လွန်စွာ စိတ်လှုပ်ရှားမိပါတယ်။ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြတဲ့အလုပ်သမားများ၊ ရဲရဲဝံ့ဝံ့ ကြိုးပမ်းအားထုတ်ကြတဲ့ လုပ်ငန်းထူထောင်သူများ၊ အမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ကြတဲ့ စစ်သားများ၊ လုပ်ငန်းနယ်ပယ်အသီးသီးမှ လူတွေအားလုံး အပင်ပန်းခံပြီး ကြိုးကြိုးစားစား အလုပ်လုပ်နေကြပါတယ်။ သာမန်လူတိုင်း သာမန်မဟုတ်ဘဲ ထူးချွန်တဲ့ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါတယ်။ အခက်အခဲ စိန်ခေါ်မှုများကို တိုက်ဖျက်ရာမှာ ပြည်သူများဟာ ထာဝစဉ် ကျွန်တော်တို့ရဲ့ အကြီးဆုံး အားကိုးရာပဲ ဖြစ်ပါတယ်။

လာမယ့်နှစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့ခြင်း ၇၅ နှစ် ပြည့်မြောက်တဲ့နှစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တရုတ်အသွင်ပုံစံ ခေတ်မီရေးကို ဦးလည်မသုန် တွန်းအားပေးပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို ပြည့်စုံ၊ တိကျ၊ ဘက်စုံ ဖော်ဆောင်ရမှာဖြစ်ကာ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသစ် ဖွဲ့စည်းတည်ထောင်ခြင်းကို တိုးမြှင့်ရမှာဖြစ်ပါတယ်။ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးကို ကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ တည်ငြိမ်မှုထဲမှာ တိုးတက်မှုရှာကြံခြင်းကို စွဲကိုင်ပြီး တိုးတက်မှုဖြင့် တည်ငြိမ်မှုကို တိုးမြှင့်ကာ စီးပွားရေးနာလန်ပြန်ထူမှု အရှိန်ကောင်း ပိုမို ခိုင်ခံ့အားကောင်းလာအောင် ဆောင်ရွက်ရမှာ ဖြစ်၍ စီးပွားရေး ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးကို ဘက်စုံ ဇောက်ချပြုလုပ်ရမှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု ယုံကြည်စိတ်နဲ့ စီးပွားရေးရှင်သန်စွမ်းအားကို တစ်ဆင့်တိုး တိုးမြှင့်ရမှာဖြစ်၍ ပညာရေး သိပ္ပံနည်းပညာလုပ်ငန်းနဲ့ လူတော်လူကောင်းများမွေးထုတ်ရေးကို အားဖြည့်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်နဲ့ မကာအို ကိုယ့်အားသာချက်ကို ဖော်ဆောင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပိုမိုကောင်းမွန်စွာ ရောနှောပေါင်းစပ်ပါဝင်ရာမှာ ရေရှည် စည်ပင်သာယာရေးနဲ့ တည်ငြိမ်ရေး ထိန်းသိမ်းခြင်းကို ဆက်လက်အားပေးထောက်ခံရမှာ ဖြစ်ပါတယ်။ အမိနိုင်ငံ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးဟာ သမိုင်း၏ မလွဲမသွေ အရာပင်ဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်းမှ မွေးချင်းပေါက်ဖော်များအနေနဲ့ လက်တွဲကြိုးပမ်းပြီး ဂုဏ်ယူဖွယ်ရာ အမျိုးသားရှင်သန်ရေးကို အတူမျှဝေခံစားကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ အလွန်မွန်မြတ်ပြီး အလွန်ရိုးရှင်းကာ မူရင်းရည်မှန်းချက်ဟာ ပြည်သူလူထုများ ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုဘဝ ရရှိစေဖို့ ဖြစ်ပါတယ်။ ကလေးများ ပညာရရှိရေး၊ လူငယ်များ အလုပ်အကိုင် ရရှိရေး၊ သက်ကြီးရွယ်အိုများ ဆေးဝါးကုသမှုနဲ့ ပြုစုစောင့်ရှောက်မှုရရှိရေး၊ အဲဒါတွေဟာ ပြည်သူလူထုများရဲ့ အရေးကိစ္စဖြစ်သလို တိုင်းရေးပြည်ရာ ကိစ္စလည်း ဖြစ်ကာ အဲဒီကိစ္စတွေကို ကောင်းမွန်အောင် ပြုလုပ်ဖို့ အားလုံးလက်တွဲ ကြိုးပမ်းရပါတယ်။ အခု လူတွေအားလုံး အလုပ်များပြီး အလုပ်နဲ့ နေထိုင်မှုဘဝဆိုင်ရာ ဖိအားကြီးပါတယ်။ ကျွန်တော်တို့ဟာ နွေးထွေးပြီး သင့်မြတ်သော လူ့အဖွဲ့အစည်း အခြေအနေကို ဖန်တီးပေးရမှာ ဖြစ်ပြီး သက်ညှာပြီး ရှင်သန်တဲ့ ဆန်းသစ်တီထွင်ရေး အခြေအနေကောင်းများကို တိုးချဲ့ပေးရမှာ ဖြစ်ကာ အဆင်ပြေပြီး သက်သောင့်သက်သာဖြစ်တဲ့ နေထိုင်မှုအခြေအနေကို ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ လူအများ ချမ်းမြေ့ပျော်ရွှင်အောင်၊ လူ့ဘဝ ရသမြောက်လှအောင်၊ အိပ်မက်များ အကောင်အထည်ဖော်နိုင်လာအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့နေရာတချို့မှာ စစ်ပွဲများ ဖြစ်ပွားနေပါတယ်။ တရုတ်ပြည်သူများဟာ ငြိမ်းချမ်းရေး တန်ဖိုးရှိခြင်းကို လေးနက်စွာ နားလည်သိရှိပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတကာ မိသားစုကြီးနဲ့အတူ လူသားများရဲ့ရှေ့အလားအလာကို ရှေးရှုပြီး ပြည်သူများရဲ့ ချမ်းသာသုခအတွက် လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ခြင်းကို တွန်းအားပေး၍ ပိုမို သာယာလှပသော ကမ္ဘာကြီးကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ယခုအချိန်အခါမှာ အိမ်ထောင်စုများ အားလုံး ထွန်းလင်းတောက်ပနေပါတယ်။ နိုင်ငံတော် စည်ပင်သာယာဖို့၊ ကမ္ဘာကြီး အေးချမ်းတည်ငြိမ်ဖို့၊ အားလုံး ထာဝရ ကျန်းမာပျော်ရွှင်ချမ်းမြေ့ကြစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

中文内容来自:news.cctv.com
…………………………
Photo 1: Chinese President Xi Jinping delivers a New Year message via China Media Group and the Internet Sunday evening in Beijing to ring in 2024. (Xinhua/Ju Peng)
Photo 2: This aerial photo taken on Oct. 19, 2023 shows a farmer unloading corn to be dried in Dongsheng Village of Zhaodong City, northeast China’s Heilongjiang Province. (Xinhua/Xie Jianfei)
Photo 3: People take photos of a C919 large passenger aircraft, China’s first self-developed trunk jetliner, before it lands at Beijing Capital International Airport in Beijing, capital of China, May 28, 2023. (Xinhua/Ju Huanzong)