Connect with us

China

ချိုမိုလန်းမားတောင်ပေါ်တွင် ကမ္ဘာ့အမြင့်ဆုံး အလိုအလျောက် မိုးလေဝသစခန်း တည်ဆောက်မည်

ကမ္ဘာ့အမြင့်ဆုံး အလိုအလျောက် မိုးလေဝသစခန်း တည်ဆောက်မည့် ဧဝရတ်တောင်ထိပ်(ချိုမိုလန်းမားတောင်ထိပ်)၏ တောင်ခြေစခန်းအပေါ်စီးမြင်ကွင်းကို ဧပြီ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာဆာ ၊ မေ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် တရုတ်-နီပေါ နှစ်နိုင်ငံ နယ်နိမိတ်ရှိ ကမ္ဘာ့အမြင့်ဆုံးအမှတ်အသား နေရာဖြစ်သော ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်(ချိုမိုလန်းမားတောင်ထိပ်) ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၈,၈၀၀ မီတာရှိသည့်နေရာ၌ ရာသီဥတုစောင့်ကြည့်လေ့လာရေးဆိုင်ရာ မိုးလေဝသစခန်းတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သုတေသနပညာရှင်များက တောင်ပေါ်တွင် အလေးချိန် ၅၀ ကီလိုဂရမ်ခန့်ရှိသော မိုးလေဝသစောင့်ကြည့်ရေး ပစ္စည်းကိရိယာများကို ဖြန့်ကျက်တပ်ဆင်သွားမည်ဟု ဆိုသည်။ တောင်ပေါ်တွင် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန်အတွက် ၎င်းတို့တစ်ဦးချင်းစီအနေဖြင့် ၇ ကီလိုဂရမ်ထက်မပိုသော အလေးချိန်ကိုသာ သယ်ဆောင်သွားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးလေဝသစခန်းကို တည်ဆောက်ပြီးစီးပါက ယင်းအမျိုးအစားတွင် ကမ္ဘာ့အမြင့်ဆုံး မိုးလေဝသစခန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။“အဲဒီစခန်းတည်ဆောက်ပြီးစီးသွားမယ်ဆိုရင် ကမ္ဘာပေါ်မှာ အမြင့်ဆုံးမိုးလေဝသစောင့်ကြည့်လေ့လာတဲ့ မိုးဇလစခန်းတစ်ခုဖြစ်လာမှာပါ ” ဟု တရုတ်သိပ္ပံအကယ်ဒမီ ၊ တိဘက်ကုန်ပြင်မြင့်လေ့လာရေးအင်စတီကျု့(ITP) တွဲဘက်သုတေသနမှူးZHAO HUABIAO ကဆိုသည်။

ချိုမိုလန်းမားတောင်ထိပ်၏ တောင်ဘက်အခြမ်း ပင်လယ်ရေမျက်နှာပြင် အမြင့် ၈,၄၃၀ မီတာတွင် အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်သွားမည်ဖြစ်သည်။ ယင်းတောင်၏ တောင်ဘက် နှင့် မြောက်ဘက် တို့သည် ရာသီဥတုအနေအထားမှာ ကြီးမားစွာ ကွဲပြားခြားနားမှုရှိသဖြင့် ယခုကဲ့သို့ မြောက်ဘက်အခြမ်းတွင်လည်း မိုးလေဝသစောင့်ကြည့်လေ့လာရေး စခန်းတစ်ခု တည်ဆောက်သွားရန် လိုအပ်ကြောင်း သိရသည်။

“ Qinghai-တိဘက် ကုန်ပြင်မြင့် ရဲ့ ဂေဟဗေဒပတ်ဝန်းကျင်အနေအထားမှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို လေ့လာဖို့ ကျွန်တော်တို့ရဲ့ သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းအတွက် အချက်အလက်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်” ဟု၎င်းက ဆိုသည်။

ထို့ပြင် “ လေလမ်းကြောင်းပြောင်းလဲတိုက်ခတ်မှု အပြင် လေတိုက်နှုန်း နဲ့ စိုထိုင်းစကဲ့သို့သော မိုးလေဝသအချက်အလက်များနှင့်အတူ မုတ်သုန်ရာသီဝင်ရောက်ခြင်းကို ကျွန်တော်တို့ လေ့လာသိရှိနိုင်ပြီး ထိုအရာက မုတ်သုန်မိုးနှင့်ပတ်သက်၍ ကြိုတင်ခန့်မှန်းနိုင်မှာဖြစ်ပါတယ်” ဟု တွဲဘက်သုတေသနမှူးZHAO HUABIAO က ဖြည့်စွက်ပြောကြားခဲ့သည်။

လက်ရှိတွင် စခန်းတည်ဆောက်ရေး လုပ်ဆောင်ကြမည့် အင်ဂျင်နီယာများက တောင်ထိပ်ပေါ်တက်ရောက်ရန် ကောင်းမွန်သောရာသီဥတုအနေအထားကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)

World’s highest automatic weather station to be set up on Mt. Qomolangma

LHASA, April 30, 2022 (Xinhua) — China is to establish a meteorological monitoring station at an altitude of 8,800 meters on Mount Qomolangma, the world’s highest peak, on the China-Nepal border.
Photo- Aerial photo taken on April 30, 2022 shows a view of the Mount Qomolangma base camp.