Connect with us

INTERNATIONAL ORGANIZATION

WHO က COVID-19 ရောဂါတိုက်ဖျက်ရေးတွင် ၂၀၂၁ နှစ်ကုန်၌ နိုင်ငံတိုင်း၏ လူဦးရေ ၄၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံရန် အစီအစဉ်ချမှတ်

ဂျနီဗာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

ဝင်ငွေနည်းနိုင်ငံများ အထူးသဖြင့် အာဖရိကသို့ ကာကွယ်ဆေး ဖြန့်ဝေပေးခြင်းအား ဦးစားပေးဆောင်ရွက်ရင်း ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် COVID-19 ရောဂါတိုက်ဖျက်ရေးတွင် ကမ္ဘာ့နိုင်ငံတိုင်း၏ လူဦးရေ ၄၀ ရာခိုင်နှုန်း နှင့် ၂၀၂၂ ခုနှစ် နှစ်လယ်တွင် ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံပေးရန် ပဏာမခြေလှမ်းတစ်ရပ်အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က အောက်တိုဘာ ၇ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။“ဒီနေ့မှာ WHO က ၂၀၂၂ ခုနှစ် နှစ်လယ်မှာ ကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်ဆေး ထိုးနှံမှု အောင်မြင်ရေး မဟာဗျူဟာကို စတင်လိုက်ပါပြီ။”WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။”ဒီမဟာဗျူဟာက ဒီနှစ် ၂၀၂၁ ခုနှစ် နှစ်ကုန်မှာ နိုင်ငံတိုင်းရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်း နဲ့ လာမယ့် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံရေး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အားလုံးအတူတကွ လုပ်ဆောင်ရမှာပါ။”ဟု ၎င်းက ပြောကြားခဲ့သည်။

တန်ဇန်းနီးယားနိုင်ငံ Dar es Salaam မြို့၌ ဩဂုတ် ၃ ရက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ်(ဆင်ဟွာ)

အဆိုပါရည်မှန်းချက်များအောင်မြင်ရေးသည် အနည်းဆုံး ကာကွယ်ဆေး အကြိမ်ရေ ၁၁ ဘီလီယံ လိုအပ်နိုင်ကြောင်း ၊ ယင်းမှာ ထောက်ပံ့မှုဆိုင်ရာ ပြဿနာအစား ခွဲဝေမှုပြဿနာတစ်ခုသာ ဖြစ်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်၏ ပြောကြားချက်အရ သိရသည်။

တောင်အာဖရိကနိုင်ငံ Johannesburg မြို့ရှိ ကာကွယ်ဆေး ထိုးနှံသည့် နေရာတစ်ခု၌ မေ ၁၇ ရက်တွင် သက်ကြီးရွယ်အိုတစ်ဦးက ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

“ကမ္ဘာ့ကာကွယ်ဆေးထုတ်လုပ်မှုက အခုဆိုရင် တစ်လမှာ အကြိမ်ရေ ၁ ဒသမ ၅ ဘီလီယံ နီးပါး ရှိပါတယ် ။ ဒါက သူတို့ကို မျှမျှတတဖြန့်ဝေထောက်ပံ့မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ လုံလောက်တဲ့ အထောက်အပံ့ ဖြစ်မှာပါ ”ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)၏ မှတ်တမ်းများအရ ယခုအခါတွင် ကမ္ဘာတစ်ဝှမ်း ကာကွယ်ဆေး အကြိမ်ရေ ၆ ဒသမ ၄ ဘီလီယံကျော်စာ ထိုးနှံထားကြောင်း နှင့် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံနီးပါးသည် COVID-19 ရောဂါ တိုက်ဖျက်ရေး အပြည့်အဝ ကာကွယ်ဆေး ထိုးနှံထားပြီ ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ဝင်ငွေနည်းနိုင်ငံများအနေဖြင့် ကမ္ဘာ့ကာကွယ်ဆေးများ၏ တစ်ရာခိုင်နှုန်း၏ ထက်ဝက်အောက်သာ လက်ခံရရှိခဲ့သည်။အာဖရိကတွင် လူဦးရေ၏ ငါးရာခိုင်နှုန်းအောက်သာ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံထားကြောင်း သိရသည်။

ယခုနှစ်အစောပိုင်းတွင် WHO က နိုင်ငံများအားလုံးအနေဖြင့် စက်တင်ဘာလကုန်တွင် နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်း ကာကွယ်ရေးထိုးနှံပြီးရေး ရည်မှန်းချက်တစ်ခု ချမှတ်ခဲ့သော်လည်း ၅၆ နိုင်ငံက မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ ထိုအရာက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား WHO အကြီးအကဲ နှင့်ပူးပေါင်း၍ နောက်ဆုံးမဟာဗျူဟာချမှတ်ရန် ဖြစ်လာခဲ့သည်။

“ကာကွယ်ဆေး မမျှတမှုက COVID-19 ကပ်ရောဂါရဲ့ အကောင်းဆုံးမဟာမိတ်ဖြစ်ပါတယ်။” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် က ပြောကြားခဲ့ပြီး သို့သော် ဆေးမျှဝေခြင်း ၊ ဖလှယ်ခြင်း ၊ နည်းပညာ လွှဲပြောင်းခြင်း နှင့် အခြား ဦးစားပေး လုပ်ဆောင်ချက်များမှတစ်ဆင့် သေဆုံးမှုများ နှင့် ရောဂါအပြင်းအထန်ခံစားရမှုများအား လျှော့ချရန် ၊ ကျန်းမာရေးစနစ်များအား လွှမ်းမိုးထားခြင်းမှ ကာကွယ်ရန် ၊ လူမှုရေး နှင့် စီးပွားရေး လှုပ်ရှားမှုများ ပြန်လည်စတင်ရေး နှင့် အန္တရာယ်ရှိသော မျိုးဗီဇကွဲအသစ်များ၏ အန္တရာယ်အား လျှော့ချရေးတို့အတွက် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အကြီးအကဲက အကူအညီပေးရေးနှင့်ပတ်သက်၍ G20 သို့ ၎င်း၏ မေတ္တာရပ်ခံချက်အား ထပ်မံပြောကြားခဲ့ပြီး “ဒီလနှောင်းပိုင်းမှာ သူတို့ရဲ့ တွေ့ဆုံမှုက ပေးအပ်ဖို့ အခွင့်အလှမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်။”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“ကျွန်တော်အနေနဲ့ ကမ္ဘာ့သက်ဆိုင်သူတွေအားလုံးကို သူတို့ရဲ့ အရင်းအမြစ်တွေကို စုစည်းပြီးတော့ ဒီမဟာဗျူဟာကို လက်တွေ့ဖြစ်အောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်”ဟု ကုလသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့သည်။ (Xinhua)