Economy
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် လေးနိုင်ငံ ကွန့်ဖရင့် ဇူလိုင်၃၀ ရက်နေ့မှ သြဂုတ် ၁ ရက်နေ့ အထိကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၂၄ရက် (ဆင်ဟွာ)
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ ပူးပေါင်း ပါဝင်မှု၊ ဗီယက်နမ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ဖွံ့ဖြိုး တိုးတက်ရေးဘဏ် (BIDV) ၊ Hoang Anh Gia Lai ( HAGL) Corporation ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ရှိ ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများ အသင်းတို့၏ ပံ့ပိုးကူညီ မှုဖြင့် လေးနိုင်ငံ ခရီးစဉ်ဒေသ တစ်ခု (Four Countries-One Destination) ကွန်ဖရင့်ကို လေးနိုင်ငံ ခရီးသွားလုပ်ငန်း ချိတ်ဆက် ဆောင်ရွက်ခြင်း နှင့် ဘဏ်လုပ်ငန်းများ ပိုမို ကျယ်ပြန့်စွာ ပေါင်းစည်း ဆောင်ရွက်ခြင်း (Connecting Tourism and Expanding Cooperation in Banking Sector) ခေါင်းစဉ်ဖြင့် ဇူလိုင် ၃ဝ ရက်မှ သြဂုတ် ၁ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါ ကွန်ဖရင့် သို့ ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ နှင့် ဗီယက်နမ် CLMV လေးနိုင်ငံမှ အကြီးအကဲများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ နှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဘဏ်လုပ်ငန်း ဆိုင်ရာ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်ဝန်ကြီး ဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖ့ွံဖြိုးရေးဘဏ် ဥက္ကဋ္ဌ နှင့် ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဗီယက်နမ် ရင်းနှီးမြှုပ်နှံ သူများ အသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် နှင့် ညီနောင်အသင်း များမှ ကိုယ်စားလှယ်များ တက်ရောက် ကြမည် ဖြစ်သည်။
ကွန်ဖရင့် ကာလအတွင်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် CLMV လေးနိုင်ငံမှ ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေး၊ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေး၊ ဘဏ်လုပ်ငန်း ဆိုင်ရာ အဆင့်မြင့် အရာရှိကြီး များ၏ အစည်းအဝေးများ ကျင်းပသွားမည် ဖြစ်ပြီး လေးနိုင်ငံ ခရီးစဉ်ဒေသ များအကြား ချိတ်ဆက် ဆောင်ရွက်သွားရန်၊ အတူတကွ ဈေးကွက် မြှင့်တင်ကြရန်နှင့် ဘဏ်လုပ်ငန်း ဆိုင်ရာများ ပိုမို ကျယ်ပြန့်စွာ ပေါင်းစည်း ဆောင်ရွက်သွားရန် တို့ကို အဓိကထား ဆွေးနွေးကြမည် ဖြစ်သည်။ (Xinhua)