Connect with us

Local

ခရီးသွားလုပ်ငန်းကို မြှင့်တင်ကြရာတွင် ပြည်ထောင်စုကြီးတစ်ခုလုံး ဆက်စပ်အကျိုး ဖြစ်ထွန်းစေဖို့ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်းဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးသို့ အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ခရီးသွားလုပ်ငန်းကို မြှင့်တင်ကြရာတွင် နေရာဒေသ တစ်ခုတည်းကို ကွက်ကွက်လေး မကြည့်ဘဲ ပြည်ထောင်စုကြီးတစ်ခုလုံး ဆက်စပ်အကျိုး ဖြစ်ထွန်းစေဖို့ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ခရီးသွားတွေအတွက် ခရီးစဉ် လမ်းကြောင်းတွေကို စိတ်ဝင်စားစရာကောင်းစေရန် ဒေသတစ်ခုနှင့် တစ်ခု ချိတ်ဆက်စဉ်းစား ဖော်ဆောင်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကြောင့် တိုင်းရင်းသားပြည်သူတွေကို ပိုပြီးနီးစပ်၊ ပိုပြီး ညီညွတ်လာနိုင်စေမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးသို့ ပေးပို့သည့် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

“မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ပြန်လည်ဦးမော့လာစေဖို့ဆိုရင် ကျွန်မတို့ရဲ့ ရှေးအစဉ်အလာတွေ၊ တိုင်းရင်းသား ယဉ်ကျေးမှုတွေအပြင် ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေကိုပါ ဖော်ကျူးပြသနိုင်တဲ့ လူထုအခြေပြု ခရီးသွား လုပ်ငန်းတွေကို ဆက်ပြီး အားပေးမြှင့်တင် သွားကြစေချင်ပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသရဲ့ အငွေ့အသက်တွေ၊ ဒေသတစ်ခုစီရဲ့ ထူးခြားမှုတွေ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကို ခရီးသွားတွေ စိတ်ဝင်စားအောင် စီစဉ်ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ကျေးလက်ဒေတွေမှာ သန့်ရှင်းမှု၊ လုံခြုံမှု၊ ကျန်းမာရေးနဲ့ ညီညွတ်မှု၊ ဈေးနှုန်း သင့်တင့်မှု၊ ရှေးရိုးမပျက် တီထွင်ဆန်းသစ်မှုတွေ ပေါ်ထွက်လာစေမယ့် အသေးစားလုပ်ငန်းလေးတွေ၊ ဒေသခံ စားသောက်ဖွယ်ရာတွေ၊ တည်းခိုခန်းလေးတွေ၊ ဟိုတယ်လေးတွေထွန်းကား လာအောင်လည်း အားထုတ်ကြရမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် အဖွင့်မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ– ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန) 

စိန်ခေါ်မှုများစွာရင်ဆိုင်နေရသော မြန်မာ့ခရီးသွားလုပ်ငန်းများ အမြန်ဆုံး ပြန်လည်ရှင်သန်ပြီး ဘေးကင်းလုံခြုံစွာ ပြန်လည်လည်ပတ်နိုင်ရန် အားလုံးက ညီညီညွတ်ညွတ်ဖြင့် လက်တွဲ ပူးပေါင်းဆောင်ရွက် သွားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က အဖွင့်မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံ၌ COVID-19 စတင် ရောက်ရှိလာသည်နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့် အညီ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဟာ COVID 19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP) ၏ နောက်ဆက်တွဲ အဖြစ် အဆင့် (၃) ဆင့်ပါဝင်သော COVID 19 မြန်မာ့ခရီးသွားလုပ်ငန်း ထိခိုက်မှုသက်သာရေး စီမံချက် (၂၀၂၀) (COVID-19 Myanmar Tourism Relief Plan-CMTRP) ကို ရေးဆွဲ အတည်ပြုချက်ရယူပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ပထမအဆင့်ဖြစ်တဲ့ Survival မှာ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းများရဲ့ လိုင်စင် ကြေးများကို တနှစ်တာကင်းလွတ်ခွင့်ပြုပေးခဲ့ရာ ဟိုတယ်နဲ့တည်းခိုခန်းများ သက်သာခွင့် ကျပ်သန်း ၅၀၀ ကျော်၊ ခရီးလှည့်လည်ရေး လုပ်ငန်းများ သက်သာခွင့် ကျပ်သန်း ၄၅၀နီးပါးနှင့် ဧည့်လမ်းညွှန်များ သက်သာခွင့် ကျပ်သန်း ၁၀၀ နီးပါး ရရှိစေခဲ့ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းများက ပေးဆောင်ရန် ရှိတဲ့ အခွန်အခများကို (၆) လ ရွှေ့ဆိုင်းပေး ခဲ့ပါတယ်။ FDI ဟိုတယ်များရဲ့ ငှားရမ်းခကို ၅၀% (၉)လ အထိ လျှော့ချပေးခဲ့ရာ အမေရိကန် ဒေါ်လာ ၆ သန်းနီးပါ သက်သာခွင့် ရရှိခဲ့ပြီး နိုင်ငံပိုင်ဟိုတယ်များအနေနဲ့ ကျပ်သန်းပေါင်း ၁၈၀၀နီးပါး သက်သာခွင့် ရရှိစေခဲ့ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းများ အတွက် ၁ နှစ်ချေးငွေ ၁% အတိုးနဲ့ ကျပ်သန်း ၂၁၀၀၀ ကျော် ရရှိရေး ဆောင်ရွက်ပေးခဲ့ ပါတယ်။ ခရီးသွားလုပ်ငန်းများ ရပ်တန့်သွားရမှုကြောင့် အလုပ်လက်မဲ့ ဖြစ်ရတဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းများက ဝန်ထမ်းများနဲ့ ဆက်စပ်လုပ်ငန်းများက အခြေခံပြည်သူ များ ဝင်ငွေရရှိစေဖို့ ခရီးသွားလုပ်ငန်း အခြေခံနဲ့ အဆင့်မြင့် cash for training သင်တန်းများ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်သူ ၃၀၀၀နီးပါးကို သင်တန်း ၁ရက် ကျပ် ၄၈၀၀၊ နည်းပြအဖြစ် ဆောင်ရွက်ပေးတဲ့ ဧည့်လမ်းညွှန်များနဲ့ဝါရင့်ဟိုတယ် ခရီးသွားဝန်ထမ်း ၁၂၀၀ နီးပါးကို ကျပ် တစ်သောင်း ချီးမြှင့်ပေးခဲ့ပါတယ်။ Cash for training အတွက် ကျပ်သန်း ၂၃၀ အသုံးပြု ပေးခဲ့ပါတယ်။’’ ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောကြားခဲ့သည်။

ဒုတိယအဆင့် Reopening အား ပြည်တွင်းခရီးသွားများနှင့် လုပ်ငန်းပြန်လည် စတင်ရာတွင် ခရီးသွားများနှင့် ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများဘေးကင်းလုံခြုံစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော COVID 19 ကပ်ရောဂါ ထိန်းသိမ်းကာကွယ်ရေး လမ်းညွှန်မှုများကို စုပေါင်းထုတ်ပြန်ထားသော COVID 19 ရောဂါ ကင်းဝေးရေးဆိုင်ရာ အမျိုးသားခရီးသွားလုပ်ငန်းလမ်းညွှန်ကို လက်စွဲအဖြစ် ထုတ်ပြန်ပြီး သင်တန်းများပေးခြင်း၊ လိုက်နာစိစစ်မှု ဆောင်ရွက်ပြီး လုပ်ငန်းပြန်လည် စတင်ခွင့်ပေးခြင်းတို့ကို ဒေသန္တရအာဏာပိုင်များ၊ ဆက်စပ် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်း၌ လုံခြုံ စိတ်ချစွာ ခရီးသွားနိုင်သည့်destination များအကြောင်းကို social media က တဆင့် ပြည်တွင်း ခရီးသွားများ သိရှိအောင် digital marketing နှင့် လုပ်ဆောင်ခဲ့ကြောင်း၊ ဇူလိုင်လကုန် အများပြည်သူ ရုံးပိတ်ရက်တွင် ပုဂံ၊ အင်းလေး၊ ကလော၊ တောင်ကြီး၊ ဘားအံ၊ လွိုင်ကော်စသော ဒေသများမှာ occupancy ၈၀% အထက် ဝင်ရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“တတိယအဆင့် Relaunching ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာ ခရီးသွားများ မြန်မာနိုင်ငံကို safe tourism destination အဖြစ် ယုံကြည် စိတ်ချလာစေရန် ကမ္ဘာ့ခရီးသွားလုပ်ငန်း ကောင်စီ အသိအမှတ်ပြု တံဆိပ် ရရှိရေးကို ဦးတည်တဲ့ Enchanting Myanmar Health & Safety Protocol ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ရေးဆွဲ တင်ပြအတည်ပြုချက်ရယူပြီး ဖြစ်ပါတယ်။’’ ဟု ဦးဟင်နရီဗန်ထီးယူက ဆက်ပြောသည်။

အဆိုပါ protocol နှင့်အညီ ဘေးကင်းလုံခြုံစွာ ခရီးသွားနိုင်သည်ကို အများပြည်သူ သိမြင် လက်ခံလာစေရန် non-landing sightseeing flight နှင့် river cruise များအား ဇန်နဝါရီလထဲတွင် Public Relation Campaign အဖြစ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ဆက်လက်ပြီး caravan tour နှင့် day trip flight to ငပလီ နှင့် ပုဂံကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို protocol နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန် သင်တန်းပေးရန်နှင့် လုပ်ငန်းလုပ်ဆောင်မှုကို စစ်ဆေးရန် လိုအပ်သော ကျွမ်းကျင်သူတွေ မွေးထုတ်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှု များနှင့်အညီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ cash for training သင်တန်းများ စတင် ပို့ချ ပေးလျက်ရှိကြောင်း၊ သင်တန်းဆရာ ၃၀၀ နှင့် ဆင့်ပွားသင်တန်း တက်ရောက်သူ ၁၀၀၀ ကျော်ကို ကျပ် သန်း ၁၄၀ အသုံးပြုပြီး သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း ဆိုသည်။

“International flight တွေ စတင်ပျံသန်းဖို့ နိုင်ငံခြားရေး၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန၊ စီမံကိန်း၊ဘဏ္ဍာရေးနဲ့စက်မှု၀န်ကြီးဌာန၊ ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး၀န်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာနနဲ့ ဟိုတယ်ခရီး၀န်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းမှုများ လုပ်ဆောင်နေပါတယ်။ Business traveler များနဲ့ စတင်ပြီး package tour များကို COVID-19 ကူးစက်မှု ကို ထိန်းသိမ်းနိုင်တဲ့နည်းလမ်းများနဲ့ မိတ်ဖက်နိုင်ငံများအကြား travel bubble များအဖြစ် စတင်ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။’’ဟု ဦးဟင်နရီဗန်ထီးယူက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ရေရှည်တည်တံ့ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (Sustainable Development Goals)နှင့်အညီ သဘာဝအရင်းအမြစ်များ အပေါ် မှီခို နေရသည့် အခြေအနေမှ လွတ်မြောက်ရန်နှင့် ပိုမိုဒဏ်ခံနိုင်ပြီး အားလုံးပါဝင်သော ခရီးသွားလုပ်ငန်းကို အကျိုးရှိစွာအသုံးချနိုင်မည့် အနာဂတ်ကိုရောက်ရှိစေရန် ခရီးသွား လုပ်ငန်းနယ်ပယ်မှ Stakeholders များအကြား စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.