Connect with us

Local

ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီ ၇ ခုထိ ရှိလာပြီး ထပ်မံဝင်ရောက်ရန်ရှိ

ရန်ကုန်စတော့အိတ်ချိန်း အဆောက်အအုံအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီ ၇ ခုထိ ရှိလာခဲ့ပြီး ယခုနှစ်အတွင်း စာရင်းဝင်ကုမ္ပဏီများ ထပ်မံဝင်လာရန် ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

“အခုနှစ်ကတော့ Listed ကုမ္ပဏီက ၃ ၊ ၄ ခုလောက် ဝင်စရာ ရှိပါတယ်။ အဲဒီအတွက်ကို Special Task Force နဲ့ listing department နဲ့ ကြိုတင်ဆွေးနွေးမှုတွေ လုပ်နေတာပေါ့နော် ။ ဒါပေမယ့် ဒီကုမ္ပဏီတွေက COVID-19 ကာလဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်တဲ့ကာလက နည်းနည်း နှောင့်နှေးတာပေါ့။ ဒါပေမယ့်လည်း ၂၀၂၁ မှာတော့ ဝင်ဖို့ ရှိပါတယ်။ ဘယ်နှစ်ခုလဲ ဆိုတာတော့ အတိအကျမပြောနိုင်ဘူး ။ နှစ်ခု ၊ သုံးခုလောက်ကတော့ အလားအလာကောင်းတွေ ရှိနေတာ တွေ့ရပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၌ Amata Holding Public Company Ltd သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ခွင့်ပြုချက် ရရှိခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဆုံး အနေဖြင့် စာရင်းဝင်မည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီ ဖြစ်လာကြောင်း ၊ ရင်းနှီးမြှုပ်နှံသူများအား Listing Date(Trading စတင်မည့်ရက်) နှင့် Basic Price အတွက်ကို ထပ်မံကြေညာပေးသွားမည် ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၌ First Myanmar Investment Public Co.,Ltd.(FMI) ၊ Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH) ၊ Myanmar Citizens Bank Limited (MCB) ၊ First Private Bank Limited (FPB) ၊ TMH Telecom Public Co.,Ltd. (TMH) နှင့် Ever Flow River Group Public Co., Ltd. (EFR) တို့သည် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန် စတော့ အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ကာ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်တွင် အရောင်းအဝယ် စတင် ပြုလုပ်ခဲ့သည်။ (Xinhua)