Connect with us

Local

နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျန်းမာရေး ကဏ္ဍ အတွက် ဈေးကွက် လိုအပ်ချက် ရှိသည့် ကုန်ပစ္စည်းများအား နိုင်ငံခြားသား ဖက်စပ် ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြု

မြန်မာ့ လယ်ယာ စိုက်ခင်းများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြည်သူများ၏ ကျန်းမာရေး ကဏ္ဍအတွက် အဓိက အရေးကြီးပြီး ဈေးကွက် လိုအပ်ချက် ရှိသည့် ဓာတ်မြေသြဇာ ၊ မျိုးစေ့ ၊ ပိုးသတ်ဆေး နှင့် ဆေးရုံသုံး ကိရိယာ ကုန်ပစ္စည်းများကို နိုင်ငံခြားသား ဖက်စပ် ကုမ္ပဏီများအား ကုန်သွယ်ခွင့် ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ယခင် နိုင်ငံခြားသား ကုမ္ပဏီများအား ကုန်သွယ်ခွင့် မပြုဘဲ ဝန်ဆောင်မှု လုပ်ငန်းများကိုသာ ခွင့်ပြုခဲ့ရာမှ ယခုအခါ ကုန်သွယ်မှုနှင့် ပတ်သက်သည့် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများ ၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများ အရလည်းကောင်း ၊ လက်ရှိ ပြောင်းလဲလာသော စီးပွားရေးအခြေအနေများအရ နိုင်ငံခြားမှ လာရောက် ရင်းနှီး မြှုပ်နှံလိုသူများ ၊ စီးပွားရေး လုပ်ငန်း လာရောက် လုပ်ကိုင် လိုသူများ များပြားလာမှု အရ လည်းကောင်း ၊ ပြည်တွင်း လိုအပ်ချက်ကို အခြေခံ၍ ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတတ်စေရန် ရည်ရွှယ်ပြီး နိုင်ငံခြားသား ဖက်စပ် ကုမ္ပဏီများအား ကုန်သွယ်ခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၅) အရ သိရသည်။

ထိုကုန်ပစ္စည်းများကို မြန်မာ ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ငန်း ဆောင်ရွက်သည့် နိုင်ငံခြား ကုမ္ပဏီများသာ တင်သွင်းခွင့် ရှိမည် ဖြစ်ပြီး ဖက်စပ် လုပ်ငန်း ဆောင်ရွက်သည့် နိုင်ငံခြား ကုမ္ပဏီများသည် ၎င်းတို့တရားဝင် ယူဆောင်လာသော နိုင်ငံခြားငွေ ပမာဏ အတိုင်းသာ ကုန်သွယ်မှု ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြား ဖက်စပ် ကုမ္ပဏီများအား ယခု ခွင့်ပြုထားသည့် ကုန်ပစ္စည်းများကို ကုန်သွယ်မှု လုပ်ငန်း ဆောင်ရွက်ရာတွင် လက်ရှိ ပြည်တွင်း ကုမ္ပဏီများကို သတ်မှတ်ခွင့် ပြုထားသည့် လုပ်ထုံး လုပ်နည်းများ အတိုင်း ခွင့်ပြု ဆောင်ရွက် သွားမည် ဖြစ်ပြီး နိုင်ငံခြား ဖက်စပ် ကုမ္ပဏီများအား ကုန်သွယ်ခွင့် ပြုသည့် ကုန်ပစ္စည်းများ စာရင်းကို ပြည်တွင်း လိုအပ်ချက် ၊ ဈေးကွက် အနေအထား ၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ၏ အခြေအနေ အစရှိသည်တို့အပေါ် မှုတည်၍ လိုအပ်သလို ပြောင်းလဲ ပြင်ဆင်သွားမည် ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြပါရှိသည်။ (Xinhua)