Connect with us

Local

မြန်မာ-အိန္ဒိယ တမူးနယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားခြင်းနှင့်ပတ်သက်၍ ကုန်အဝင်အထွက်အား ဖွင့်လှစ်ပေးရန်တင်ပြထားကြောင်းဆို

တမူးနယ်စပ်ဂိတ် အားတွေ့ရစဉ် (ဓာတ်ပုံ--စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာ-အိန္ဒိယ တမူးနယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားခြင်းအား ဒီဇင်ဘာ၃၁ရက်ထိ ရက်ထပ်တိုးပိတ်ခြင်းနှင့် ပတ်သက်၍ ကုန်သည်ကြီးများအသင်းမှ ကုန်အဝင်အထွက်အားဖွင့်လှစ်ပေးရန် တောင်းဆိုတင်ပြထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးမျိုးသူက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၁ ရက်တွင်ပြောသည်။

“COVID ဒုတိယလှိုင်းကစပြီး အိန္ဒိယနယ်စပ်တမူးဂိတ်ကို ပိတ်ထားတာပါ။COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှစ်ဖက်ညှိနှိုင်းပြီးပိတ်တာ။လူအဝင်အထွက်ရော၊ ကုန်အဝင်အထွက်ရော ပိတ်လိုက်တဲ့ပုံစံမျိုးဖြစ်နေတာ။ အမှန်ကတော့တံတားဂိတ်ကိုပိတ်တာပဲ။ဒါကြောင့် ကုန်သည်ကြီးများအသင်းကတော့ ကုန်ကိုဖွင့်ပေးဖို့တောင်းဆိုထားတယ်။Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ကို ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ ပြန်တင်ပြရမှာပါ’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင်လည်း COVID-19 ရောဂါဖြစ်ပွားမှုတိုးမြင့်လျက်ရှိပြီး၊ မြန်မာနိုင်ငံတွင်လည်း COVID-19 အတည်ပြုလူနာများလျော့ကျလာခြင်းမရှိသောကြောင့် ယခုကဲ့သို့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ဂိတ်အားပိတ်ရခြင်း ဖြစ်ကြောင်းဆိုသည်။

“အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးက တခြားနယ်စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ ပုံစံမတူဘူး။သူက မြန်မာနိုင်ငံက Export များတယ်။ ကျန်တဲ့နယ်စပ်ဂိတ်တွေကြတော့ မြန်မာနိုင်ငံက Import သွင်းရတာများတယ်။ မြန်မာနိုင်ငံဘက်က Export ပိုရှိရင် တမူးဒေသရဲ့ အလုပ်အကိုင်အခွင့်အလမ်းတို့၊ စီးပွားရေးအခြေအနေတို့က ကောင်းလာမှာဖြစ်တယ်’’ ဟု ဦးမျိုးသူကဆက်ပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်ကုန်သွယ်မှုရှိကြောင်းဆိုသည်။ (Xinhua)